ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Pan Sorasak နှင့် ဗီယက်နမ်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဖြစ်သူ Nguyen Hong Dien တို့သည် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးသဘောတူစာချုပ်ကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ်ရေးထိုးပွဲသို့ နှစ်နိုင်ငံဖက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
လက်မှတ်ရေးထိုးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sorasak က ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကာလရှည်ကြာ နီးကပ်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက်အကျိုး ကျေးဇူးဖြစ်ထွန်းစေရေးအတွက် ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးသဘောတူစာချုပ်ကို ၂ဝဝ၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် သဘောတူစာချုပ်အရ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်နိုင်ငံတို့မှ ထွက်ရှိသော ကုန်စည်များအတွက် ဦးစားပေးအကောက်ခွန်မူဝါဒကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Nguyen Hong Dien ကလည်း နှစ်နိုင်ငံသဘောတူစာချုပ်အရ နှစ်ဖက်နိုင်ငံများမှ ထွက်ရှိသည့်ကုန်စည်များအနေဖြင့် နှစ်လိုဖွယ်ကောင်းသော အကောက်ခွန်နှုန်းထား မူဝါဒများကို အကောင်အထည်ဖော်လျက်ရှိကြောင်းနှင့် သဘောတူစာချုပ်အရ ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် လယ်ယာထွက်ကုန်နှင့် စက်မှုထုတ်ကုန်များကဏ္ဍတွင် ကုန်သွယ်မှုကို တိုးတက်စေရန် အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး Nguyen က အာဆီယံကုန်စည် ကုန်သွယ်မှုသဘောတူစာချုပ်သာမက နှစ်နိုင်ငံအကြားကုန်သွယ်မှုမြှင့်တင်ရေးသဘောတူစာချုပ် (၂ဝ၂၃-၂ဝ၂၄) ကိုချုပ်ဆိုခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကုန်စည်တင်သွင်း၊ တင်ပို့မှုတို့ကို တိုးတက်စေမည်ဖြစ်ကြောင်း၊ အကောင်းဆုံးသော အကျိုးကျေးဇူးများရရှိစေရန် နှစ်နိုင်ငံရှိ ထုတ်လုပ်သူများ၊ တင်ပို့သူများနှင့် တင်သွင်းသူများအကြား အတူတစ်ကွပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ် ပထမလေးလအတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကြား ကုန်သွယ်မှုမှာ ဒေါ်လာ ၂, ၄၃ဝ သန်းရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times, 5 June, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)