တောင်ငူမြို့တွင် ပန်းသီး၊ ပန်းသစ်တော်သီး၊ သခွားသီးနှင့် နာနတ်သီးတို့မှာ ပြီးခဲ့သည့်နွေရာသီ ဧပြီလဈေးနှုန်းထက် အတက်အကျအနည်းငယ်သာရှိပါသည်။ စပျစ်သီးမှာ နှစ်ဆခန့်ဈေးတက်သွားပြီး နာနတ်သီးမှာ မိုးဦးရာသီတွင် ပေါများသောကာလဖြစ်သဖြင့် ဈေးကျသွားပါသည်။
ပန်းသီးမှာ အကြီးနှင့် အသေးနှစ်မျိုးရှိရာ အလုံးအကြီးအသေးပေါ်မူတည်၍ ပန်းသီးအကြီးမှာ တစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ ပန်းသီးအသေးမှာ တစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၂၀၀ထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ သခွားမွှေးသီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိရှိပါသည်။
လိမ္မော်သီးမှာ သင်္ကြန်ကာလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအခါတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိရှိ၍ ဈေးနှုန်းအနည်းငယ်တက်လာပါသည်။ စပျစ်သီးမှာ သင်္ကြန်ကာလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအခါတွင် ၂၅ကျပ်သားလျှင် ၆၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။
နာနတ်သီးမှာ သင်္ကြန်ကာလတွင် တစ်လုံးလျှင် ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအခါ မိုးဦးကာလသည် နာနတ်သီးပေါများသည့်ကာလဖြစ်သဖြင့် တစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ထိသာရှိတော့သဖြင့် ဈေးနည်းထက်ဝက်ခန့်ကျဆင်းကြောင်း သိရပါသည်။
DOCA(ပဲခူး)