ဒေသအစားအစာတစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်တစ်နေရာတည်းတွင်သာရနိုင်ပြီး အသင့်စားသောက်နိုင်သည့် ဒေသထုတ်ကုန်အစားအသောက်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသော ကော့ကရိတ်မြို့မှ ဦးချိ (အသင့်စား) ဆိတ်ချေးခါးဟင်းလျာသည် လူကြိုက်များလျက်ရှိပါသည်။
ဆိတ်ချေးခါးဟင်းဟု ဆိုလိုက်သည့်နှင့် ဒေသခံမဟုတ်သည့် မစားဖူးသည့်သူတိုင်း ဘာဟင်းပါလိမ့်ဟု စဉ်းစားကြမိပေလိမ့်မည်၊၊ တကယ်တော့ ဆိတ်ချေးခါးဟင်းလျာဆိုသည်မှာ ကရင်ပြည်နယ် တစ်ခုတည်းတွင်သာ ရရှိနိုင်သည့် ကရင်လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေးပါ အူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ရှောက်နုရွက်၊ ရှမ်းနံနံ စသည့်ဟင်းခတ်အမွေးအကြိုင်များနှင့် နူးအိစွာချက်ပြုတ်ထားခြင်း ဖြစ်လေသည်။ ဆိတ်ချေးခါးဟင်းသည် လူမမာများအတွက် အထူးအားဖြစ်စေကာ ခံတွင်းပျက်သူများအတွက် ခံတွင်းမြိန်စေသော အနံအရသာနှင့်ပြည့်စုံခြင်းကြောင့် တစ်ခါစားပြီးလျှင် ထပ်စားချင်သည့်အထိ စွဲငြိနိုင်သည့်အထိ ကောင်းမွန်သောဟင်းလျာဖြစ်ပေသည်။
ဒေသအစားစားဖြစ်သည့် ဆိတ်ချေးခါးဟင်းလျာကို နယ်မြေဒေသအပေါ်မူတည်၍ ချက်ပြုတ်ပုံခြင်း မတူညီကြသည့်အပြင် စားသောက်ဆိုင်အချို့တွင် ပြုလုပ်ရောင်းချကြသော်လည်း ယခုကဲ့သို့ အသင့်စားအစားအသောက်ထုတ်ကုန်အဖြစ် ရောင်းချနိုင်မှု မရှိသေးပေ။ ဦးချိ အသင့်စား ဆိတ်ချေးခါး ဟင်းအနေဖြင့် အစဉ်အဆက်မိသားစုဟင်းလျာအဖြစ် ချက်ပြုတ်ခဲ့သည့် နည်းစနစ်အတိုင်းချက်ပြုတ် ပြုလုပ်ရောင်းချခြင်းဖြစ်ပြီး အသင့်စား ၃၆၀ ဂရမ်ပါ ဟင်းလျာတစ်ထုပ်လျှင် ဖောက်သည်ဈေး ၄၅၀၀ ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ဆိတ်ချေးခါးဖောက်သည်ဝယ်ယူလိုသူများအနေဖြင့် အနည်းဆုံးအထုပ် ၁၀၀ မှာယူရမည်ဖြစ်ကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ကရင်ပြည်နယ်၊မွန်ပြည်နယ် စားသောက်ဆိုင်များမှ အများဆုံးမှာယူကြပြီး ကရင်ပြည်နယ်၊ ဘားအံမြို့ Shopping Malls များတွင် ဝယ်ယူရရှိနိုင်ကြကြောင်းနှင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကပါ မှာယူစားသောက်ကြသည်အထိ လူကြိုက်များလျက်ရှိကြောင်း သိရသည်။
လုပ်ငန်းရှင်အနေဖြင့် ဈေးကွက်ဝယ်လိုအားနှင့် လူကြိုက်များမှုအပေါ်အခြေခံကာ ပြည်တွင်း/ ပြည်ပသို့ တင်ပို့နိုင်ရေးအထိ ရည်ရွယ်၍ ဆိတ်ချေးခါး စည်သွတ်ဘူးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် မြေနေရာ၊ နည်းပညာ၊ အရင်းအနှီး၊ ကုန်ကြမ်းရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အစားအသောက်ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာဌာနများတွင် စစ်ဆေးခံဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကြိုက်များလာသည့် ကရင်ပြည်နယ် ဒေသအအစားအစာ (အသင့်စား) ဆိတ်ချေးခါးဟင်းလျာ ထုတ်ကုန်အကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
DOCA(ကရင်)