Main menu

“ဝင်ငွေတိုးပွားစေဖို့ စပျစ်စိုက်ကြပါစို့”

Powered by Drupal

     မြန်မာနိုင်ငံတွင် စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ပြင်ဦးလွင် စသည့်မြို့နယ်များတွင် အများအပြားစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်လည်း ရေကိုလိုအပ်သည့်အတိုင်း ပေးသွင်းနိုင်ပါက အကျိုးဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ပါသည်။

     စပျစ်ကို နေရာဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း အအေးပိုင်းဒေသများတွင် ပို၍ဖြစ်ထွန်းကြောင်းသိရှိရပါသည်။ အစိုဓာတ်များသောမြေ၊ ဆားငန်မြေများတွင်သာမက အခြားမြေအမျိုးအစားများတွင်လည်းစိုက်ပျိုးနိုင်သည်။ စပျစ်ကိုစိုက်ပျိုးရာတွင် ကိုင်းကူး/ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင်ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်းနှင့် စင်တင်စိုက်ပျိုးနည်းဟူ၍ စိုက်ပျိုးလေ့ရှိကြောင်းသိရှိရပါသည်။ အအေးပိုင်းမှ စပျစ်မျိုးကို အပူပိုင်းဒေသတွင် စိုက်ပျိုးနိုင်ရန် အအေးပိုင်းဒေသရှိ အရိုင်းပင်ကို အောက်ခံအဖြစ်ထား၍ ကိုင်းကူး/ကိုင်းဆက်နည်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်အကြမ်းခံသည်ဟုလည်းသိရပါသည်။ အများအားဖြင့် ကိုင်းကူး၍ ကိုင်းဆက်ထားသော အပင်မျိုးကိုသာစိုက်ကြသည်။ ကိုင်းကူးပင်မှ ကိုင်းဆက်၍ ထွက်ရှိလာသောအမြစ်သည် ရှင်သန်မှုအားကောင်းပြီး အပင်သက်တမ်းပိုရှည်သည်ဟု သိရပါသည်။သို့သော် အပင်ကြီးထွားမှုမှာ  အခြားမျိုးပွားနည်းများထက်နှေးသည်။ အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုးခြင်းနည်းကိုသာအသုံးပြုကြပါသည်။

   စပျစ်ပင်ငယ်များကို မြေချစိုက်ပျိုးပြီးနောက် ခြများဖျက်ဆီးနိုင်သည့်အတွက် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးထည့်ကာ စိုက်ပျိုးပေးရပါသည်။ ပင်ခြေတွင် ပေါင်းလိုက်၍ မြေချပြီးနောက် (၁၀) ရက်အတွင်း သစ်ဖူးထွက်လာကာ တစ်လအတွင်း ကိုင်းတက်လေးများဖြာထွက်လာပါသည်။ ၎င်းကိုင်းတက်လေးများကို မဖြတ်တောက်ဘဲ မွေးယူရပါသည်။ အသန်မာဆုံး၊ အထွားကျိုင်းဆုံးဖြစ်သော ကိုင်းတက်တစ်တက်ကိုချန်ပြီး ကျန်ကိုင်းတက်အားလုံးဖြတ်တောက်ဖယ်ရှားပစ်ရသည်။ မြေဆီထက်သန်မှုအပေါ်မူတည်၍ လည်း အကွာအဝေးအမျိုးမျိုးထားပြီး စိုက်ပျိုးနိုင်ပါသည်။

     စပျစ်ပင်များကို ကိုင်းတက်များမှလည်းကောင်း၊ စပျစ်ကိုင်းများကို ဆက်စပ်ပေးခြင်းအားဖြင့်လည်းကောင်း မျိုးပွားယူနိုင်သည်ဟုသိရှိရပါသည်။   စပျစ်ပင်စိုက်ပျိုးရာတွင် နှစ်ရှည်ပင်ဖြစ်သည့် အတွက် အရင်းအနှီးများမှာလည်းပို၍များသည်။ စပျစ်သီးအမျိုးအစားများမှာ အများအားဖြင့် (RG) ချွန်း၊(RG) လုံးကြီး၊ ဂျပန်စိမ်း စသည်တို့ဖြစ်သည်။ စပျစ်သီးသည် အစိမ်းလည်းစားနိုင်သည့်အပြင် အသီးခြောက်၊ ဝိုင်အရက်ပြုလုပ်ရာတွင်လည်းအသုံးဝင်၍ ဈေးကွက်ဝင်သီးနှံလည်းဖြစ်ပေသည်။ ထို့ကြောင့် ကုန်သည်ပွဲစားများက စပျစ်ခြံများအရောက် ကွင်းဆင်းဝယ်ယူမှုများလည်းရှိပေသည်။ ယခုလက်ရှိ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ဈေးကွက်၌ စပျစ်သီး (RG) လုံးကြီး (၁)ပိဿာလျှင် ကျပ် (၂၂၀၀၀) ရှိပြီး (RG) ချွန်း (၁) ပိဿာလျှင် ကျပ် (၂၄၀၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ စပျစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။ ယခင်နှစ်တွင် စပျစ်သီး (RG) လုံးကြီး (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) ရှိခဲ့ပြီး (RG) ချွန်း (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀) ရှိခဲ့၍ ယခင်နှစ်ထက် ကျပ် (၁၂၀၀၀) ခန့်ဈေးပိုလာခဲ့သဖြင့် ဈေးကွက်ဝယ်လိုအားကောင်းပြီး အကျိုးအမြတ်များစွာရရှိသည့်အတွက် ပခုက္ကူ၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်း စသည့်မြို့နယ်များရှိ ကျေးရွာများတွင် မြေအောက်ရေတွင်းများတူး၍ စိုက်ပျိုးလာကြောင်းလေ့လာသိရှိရပါသည်။

DOCA(မကွေး)