ဘရာဇီးနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဝါဂွမ်းတင်ပို့မှုပမာဏသည် လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံကို ကျော်လွန်မည်ဟု ခန့်မှန်းထားပြီး အဓိကကုန်စည်များကို ကုန်သွယ်မှုပြုရာတွင် တရုတ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်ငွေကို အသုံးပြုသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း ဘရာဇီး ဝါသီးနှံစိုက်ပျိုးသူများအသင်း၏ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Marcelo Duarte Monteiro က ဇွန်လ ၁၆ ရက်၊ သောကြာနေ့တွင် Global Times သတင်းစာသို့ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ပြည်နယ် Guilin ဒေသတွင် ဇွန်လ ၁၆ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဝါဂွမ်းညီလာခံတွင် ဘရာဇီးနိုင်ငံအနေဖြင့် ဝါသီးနှံ အရည်အသွေး ကောင်းမွန်မှုကြောင့် တရုတ်နိုင်ငံဈေးကွက်၌ မကြာသေးမီနှစ်များအတွင်း ဈေးကွက်ဝေစုပိုမိုရရှိလာကြောင်း Mr. Marcelo က ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ဘရာဇီး၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဘရာဇီး လယ်ယာထွက်ကုန်များဖြစ်သည့် ပဲပိစပ်နှင့် ဝါဂွမ်းတို့ကို တင်ပို့ရန်အတွက် အဓိကဈေးကွက်ဖြစ်ပါသည်။ တရုတ်နိုင်ငံဈေးကွက်၌ ဘရာဇီးဝါဂွမ်း၏ ဈေးကွက်ဝေစုရရှိမှုမှာ ယခင် ၅ နှစ်ကြာကာလ၌ ၁၀% အောက်သာရှိရာမှ လက်ရှိကာလတွင် ၃၀% အထိ ရရှိထားသည်။
တရုတ်နိုင်ငံသည် နှစ်စဉ် ဝါဂွမ်းတန်ချိန် စုစုပေါင်း ၈ သန်းကျော် သုံးစွဲနေသည့် ကမ္ဘာ့ထိပ်တန်း ဝါဂွမ်းချည်ထုတ်လုပ်သည့်နိုင်ငံဖြစ်ကြောင်း၊ ပြည်တွင်း၌ နှစ်စဉ် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၆ သန်းကျော်ရှိပြီး ကျန်လိုအပ်သည့်ပမာဏကို ပြည်ပမှတင်သွင်းလျက်ရှိကြောင်း၊ အကောက်ခွန်ဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ပထမလေးလအတွင်း ပြည်ပမှ ဝါဂွမ်းတန်ချိန် ၃၈၂၀၀၀ တင်သွင်းခဲ့ပြီး ၎င်းအနက် အမေရိကန် နိုင်ငံမှ ၅၂.၂၂% နှင့် ဘရာဇီးနိုင်ငံမှ ၃၁.၅၃% ပါဝင်ကြောင်း သိရှိရပါသည်။
ဘရာဇီးနိုင်ငံသမ္မတ Mr. Luiz Inacio Luda da Silva ၏ ဧပြီလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ၎င်းအနေဖြင့် BRICS နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုဆောင်ရွက်ရန်အတွက် ငွေကြေးတစ်ခုကို ဖန်တီးဖော်ဆောင်နိုင်ရေး အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါခရီးစဉ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ၉၀ ဦးအပါအဝင် ဘရာဇီး စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ် ၂၀၀ ကျော်ခန့် လိုက်ပါခဲ့ကြောင်း၊ မတ်လအတွင်း တရုတ်-ဘရာဇီး နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာကို ကြားခံအဖြစ် အသုံးပြုခြင်းမရှိဘဲ ၎င်းတို့၏ကိုယ်ပိုင်ငွေကြေးများဖြင့် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: Global Times, 16 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)