Main menu

အယ်လ်နီညိုသက်‌ရောက်မှုသည် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုကို တွန်းအားပေးဖွယ်ရှိ

Powered by Drupal

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံအများအပြားက အလျင်စလို ဝယ်ယူစုဆောင်းနေကြသဖြင့် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်မားလာပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းကျော်သို့ ရောက်ရှိလာနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ထိုင်းနှင့်ဗီယက်နမ်တို့မှ ဆန်အမြောက်အမြားဝယ်ယူရေးကို အရှိန်မြှင့်တင် ဆောင်ရွက်နေချိန်၌ ဖိလစ်ပိုင်နိုင်ငံသည်လည်း ဆန်တန်ချိန် ၂ သန်းမှ ၃ သန်းအကြား တိုးမြှင့်ဝယ်ယူဖွယ်ရှိကြောင်း၊ အီရတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့သည့်အတိုင်း ယခုနှစ်တွင်လည်း ဆန်တန်ချိန် ၁ သန်းခန့် တင်သွင်းမည်ဟု ခန့်မှန်းရကြောင်း၊  ဗီယက်နမ်နိုင်ငံသည် ပြည်တွင်း၌ အရန်ထားရှိရန်အတွက် ၎င်း၏ဆန်တင်ပို့မှုကို လျှော့ချလျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးကို သစ်သီးဝလံနှင့် ကော်ဖီစိုက်ပျိုးမှုသို့ ပြောင်းလဲလျက်ရှိကြောင်း၊ ထိုင်းဘတ်ငွေ၏ တန်ဖိုးလျော့ကျမှုသည်လည်း ထိုင်းဆန်တင်ပို့မှု၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေကြောင်းဖြင့် Mr. Jurin က ပြောဆိုပါသည်။

ယမန်နှစ်က ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇.၆၉ သန်း တင်ပို့နိုင်ခဲ့ရာ လျာထားချက် တန်ချိန် ၇.၅ သန်းကို ကျော်လွန်ခဲ့သည်။ ယခုနှစ်အတွက် ဆန်တန်ချိန် ၇.၅ သန်းမှ ၈ သန်းအထိ တင်ပို့ရန် ထိုင်းအစိုးရက ရည်မှန်းထားသည်။

ထိုင်းဆန်များသည် ဈေးကောင်းရလျက်ရှိပြီး အဓိကလယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် ဆန်မွှေး၊ Pathum Thani ဆန်မွှေး၊ ဆန်ဖြူနှင့် ကောက်ညှင်းဆန်တို့သည် အစိုးရက သတ်မှတ်ထားသည့် ဈေးနှုန်းများထက် ပိုမိုလျက်ရှိကြောင်းဖြင့် ဝန်ကြီး Mr. Jurin က ပြောဆိုခဲ့သည်။

Source: Bangkok Post, 17 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)