Main menu

နိုင်ငံ ၃ ခုသို့ ဆန်ကွဲတင်ပို့ခွင့်ကို အိန္ဒိယအစိုးရက အတည်ပြု

Powered by Drupal

အိန္ဒိယနိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ တောင်းဆိုလာမှုအရ ဧပြီလ ၁ ရက်နေ့မှ စတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အင်ဒိုနီးရှား၊ ဆီနီဂေါနှင့် ဂမ်ဘီယာနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ဇွန်လ ၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြောကြားခဲ့ပါသည်။

အိန္ဒိယအစိုးရသည် ပြည်ပသို့ဆန်ကွဲတင်ပို့ခြင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ  စတင်၍ တားမြစ်ကန့်သတ်ခဲ့ပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်သည့်နိုင်ငံများမှ အစိုးရချင်း ညှိနှိုင်းမှုဖြင့် တောင်းဆိုလာပါက ယင်းနိုင်ငံများသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် ပြင်ဆင်ချက်ထုတ်ပြန်ခဲ့သည်။

GFT ဌာန၏ ထုတ်ပြန်ချက်တွင် ဆန်ကွဲတင်ပို့မှုကို စတင်တားမြစ်ခဲ့သည့် အချိန်မတိုင်မီ ၃ နှစ်တာ ကာလအတွင်း အဆိုပါနိုင်ငံများသို့ ဆန်အမျိုးအစားအားလုံးကို တင်ပို့ခဲ့သော ရာဇဝင်ရှိသည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဆန်ကွဲတင်ပို့ရန် ခွဲတမ်းလျှောက်ထားနိုင်ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့ကို လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားကြောင်း၊  ပင်လယ်ရေကြောင်းဖြင့် ဆန်ကွဲတန်ချိန် ၈၀၀၀ နှင့်အထက် တင်ပို့ရန် လျှောက်လွှာတင်သွင်းမှုကိုသာ လက်ခံမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်အနေဖြင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ဆန်ကွဲများကို တင်ပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆိပ်ကမ်းသို့ရောက်ရှိကုန်ချပြီးစီးကြောင်း လက်မှတ်ကို တင်ပို့သည့်နေ့မှ ၁ လအတွင်း တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Source: The Hindu Business Line, 21 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)