Main menu

ကမ္ဘောဒီးယားနိုင်ငံ၌ သီဟိုဠ်စေ့ မူဝါဒ (၂၀၂၂-၂၀၂၇) ကို ထုတ်ပြန်

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် ဦးစားပေး စက်မှုလယ်ယာသီးနှံတစ်မျိုးဖြစ်သော သီဟိုဠ်စေ့၏ ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို တိုးမြှင့်နိုင်ရေးအတွက် အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ (၂၀၂၂-၂၀၂၇) ကို ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

စာမျက်နှာ ၁၀၆ မျက်နှာအထိ ပါဝင်သော အဆိုပါမူဝါဒအသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ဝန်ကြီးများကောင်စီအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယား သီဟိုဠ်စေ့၏ ယှဉ်ပြိုင်မှုစွမ်းအား ရေရှည်တည်တံ့စေပြီး စီးပွားရေးဈေးကွက် ဖြန့်ကျက်နိုင်မှု ရှိစေရန်နှင့် မကြာမီအနာဂတ်၌ နိုင်ငံအတွင်း၊ အာဆီယံဒေသအတွင်းနှင့် ကမ္ဘာ့ဈေးကွက်တို့တွင် အဓိက သီဟိုဠ်စေ့ ထုတ်လုပ်သူနှင့် တင်ပို့သူအဖြစ်သို့ အသွင်ပြောင်းလဲစေရရန်အလို့ငှာ  ထုတ်လုပ်မှု၊ ကိုင်တွယ်ပြုပြင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေတို့ကို တိုးတက်စေရန် ရည်ရွယ်ရေးဆွဲခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sorasak က ပြောကြားခဲ့သည်။

အဆိုပါ သီဟိုဠ်စေ့ဆိုင်ရာမူဝါဒသည် သီဟိုဠ်စေ့၏ အထွက်နှုန်း၊ အရည်အသွေး၊ ကွဲပြားမှု၊ ထုတ်လုပ်မှုဖြစ်စဉ်၊ တင်ပို့မှုနှင့် တန်ဖိုးမြှင့်တင်မှုတို့တွင် ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေမည့် မောင်းနှင်အားတစ်ရပ်ဖြစ်ပြီး လမ်းပြမြေပုံတစ်ခုလည်းဖြစ်ကြောင်း၊ ဈေးကွက်အဟောင်းများကို ထိန်းသိမ်းသကဲ့သို့ ရေရှည်တည်တံ့သော ဈေးကွက်အသစ်များကို ရှာဖွေခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထပ်ဆင့်တိုးတန်ဖိုးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ အကျိုးရလဒ်အားဖြင့် ဆင်းရဲမှုလျှော့ချခြင်း၊ လုပ်သားရွှေ့ပြောင်းမှုဖြစ်စဉ်များ လျှော့ချခြင်းနှင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုတို့ကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘောဒီးယား လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် သီဟိုဠ် စိုက်ပျိုးဧရိယာ ၄၃၅၇၃၃ ဧကအနက် ၃၃၀၈၆၁ ဧကမှ ရိတ်သိမ်းခူးဆွတ်နိုင်ခဲ့ကြောင်း၊ အထွက်ပမာဏမှာ တန်ချိန် ၅၀၈၂၈၃ တန် ရှိကြောင်း၊ ၎င်းအနက် လတ်ဆတ်သီဟိုဠ်စေ့တန်ချိန် ၄၇၁၅၂၀ တန်နှင့် ပြုပြင်ထုတ်လုပ်သည့် ကုန်စည်တန်ချိန် ၁၅၅၇ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Source: Khmer Times, 16 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)