အိန္ဒိယနိုင်ငံ၌ လတ်ဆတ်သီးနှံ တင်သွင်းသည့်လုပ်ငန်းများအနက် အဓိကဦးဆောင်သူ ကုမ္ပဏီတစ်ခုဖြစ်သော IG International သည် ဩစတေးလျထောပတ်သီးများကို ပထမဆုံးအကြိမ် စမ်းသပ်တင်သွင်းမှုအနေဖြင့် မွန်ဘိုင်းဈေးကွက်သို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
IG International ၏ ထုတ်ပြန်ချက်တွင် ဩစတေးလျကုမ္ပဏီ Avolution နှင့် ပူးပေါင်းလျက် ဩစတေးလျထောပတ်သီးများ တင်သွင်းမှုသည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက် ချောမွေ့မှုနှင့် ကျယ်ပြန့်သော ပြည်ပဝယ်ယူမှုကွန်ယက်တို့ဖြင့် ချိတ်ဆက်ထားသည့် စနစ်တကျစီစဉ်ထားရှိသော မဟာဗျူဟာကျသည့်စနစ်ကို သက်သေပြနိုင်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ သီးနှံထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုရန်နှင့် အိန္ဒိယစားသုံးသူများအတွက် အရသာဆိုင်ရာ အတွေ့အကြုံများ တိုးမြှင့်စေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း ထောပတ်သီးသည် ဘက်စုံသုံးစွဲနိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကြောင့် စားသုံးမှု များပြားလာခဲ့ကြောင်း၊ အရည်အသွေးပြည့်မီကြောင်း သိရှိသည့် စားသုံးသူများက ဩစတေးလျထောပတ်သီးများကို ပိုမိုရှာဖွေစားသုံးလျက်ရှိကြောင်း၊ IG International အနေဖြင့် ၎င်းထောပတ်သီးသွင်းကုန်များ တင်သွင်းခြင်းဖြင့် အိန္ဒိယတွင် အာဟာရဓာတ်ပြည့်ဝသော သစ်သီးဝလံ စားသုံးမှုများပြားစေရန် ရည်ရွယ်လျက် ပရီမီယံအရည်အသွေးရှိသည့် ထောပတ်သီး ၁၇၆ ပုံး တင်သွင်းခဲ့ကြောင်းဖြင့် The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
Source: The Hindu Business Line, 19 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)