ကန့်ဘလူမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့လေးတစ်ခုဖြစ်ပါသည်။ ကန့်ဘလူမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လယ် ၊ ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။
ယခုအခါ စိုက်ပျိုးသူများအတွက် စီးပွားဖြစ်ဝင်ငွေ ရှာဖွေပေးနိုင်သည့်အပြင် စားသုံးသူများအတွက် လည်း ကျန်းမားရေးအကျိုးကျေးဇူးများကို ပေးစွမ်းသည့် “နဂါးမောက်သီး”များ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်း စတင်ရောင်းချနေကြသည်။ “နဂါးမောက်သီး”သည် မေလမှ အောက်တိုဘာလအထိ အသီး(၇)ကြိမ်မှ (၈)ကြိမ်ခန့်ထွက်ရှိ၍ တစ်နှစ်လျှင် (၅)လမှ (၆)လခန့် ဝင်ငွေရရှိနိုင်သောကြောင့် စီးပွားရေးတွက်ချေကိုက်သော ဥယျာဉ်ခြံသီးနှံတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုး(၃)မျိုးမှာ (က) အပြင်အခွံ အနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ (ခ) အပြင်ခွံ အနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ (ဂ) အပြင်ခွံ အဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ပါသည်။
ကန့်ဘလူခရိုင်အတွင်း၌ နဂါးမောက်သီးများကို တစ်ဦးချင်း ဧကအများကြီး စိုက်ပျိုးမှုမရှိသော်လည်း ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြာနေရာများတွင်လည်း မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ခူးဆွတ်ရောင်းချကြောင်း သိရသည်။ ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး အသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ နဂါးမောက်သီး အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)