ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံးမြို့လေးသည် သာယာစည်ကားပြီး အလွန်အေးချမ်းသောမြို့လေးတစ်မြို့ဖြစ်ပါသည်။ ဟိုပုံးမြို့တွင် လူဦးရေ (၁၃၀၁၄၂) ဦးနေထိုင်ကြပြီး လူမျိုးအများစုမှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးရေးအနေဖြင့် (သနပ်ဖက်၊ ပြောင်း၊ ကြက်သွန်ဖြူ၊ ထောပတ်)တို့ကိုစိုက်ပျိုးကြပြီး အိမ်ဝင်းအတွင်းနှင့် ခြံမြေများတွင် တစ်နိုင်တစ်ပိုင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်း၊ ကြက်၊ နွား၊ ကျွဲ၊ ဝက်များမွေးမြူကြခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါသည်။
အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်သည့် ဟိုပုံးမြို့၏ ဒေသဝက်မွေးမြူရေးနှင့်မိတ်ဆက်ပေးပါရစေ။ ဝက်ကို (၁) လသား (သို့မဟုတ်) (၄၅) ရက်သားအကောင်ပေါက်လေးများဝယ်ယူမွေးမြူခြင်း၊ ဝက်မများဝယ်ယူ၍ သားဖောက်ခြင်းဖြင့် စတင်မွေးမြူကြပါသည်။ (၁) လသား (သို့မဟုတ်) (၄၅) ရက်သားအကောင်ပေါက်မှာ (၁၃၀၀၀၀-၁၅၀၀၀၀) ကျပ်ဈေးရှိပြီး သားဖောက်ခါနီးဝက်မများမှာမူ (၃၅၀၀၀၀-၄၀၀၀၀၀) ကျပ်ဈေးနှုန်းတို့ရှိပါသည်။ ဝက်စာအခက်အခဲရှိသည့်ဒေသများတွင် ဝက်ကိုအရွယ်ရောက်သည်အထိမွေးမြူခြင်းမပြုဘဲ သားဖောက်ပြီး လသားအရွယ်တွင်ရောင်းချခြင်းဖြင့် စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။
ဝက်မမှာ (၆) လအရွယ်တွင် သားတင်နိုင်ပြီး အသားထုတ်လုပ်ရောင်းချမည့်ဝက်အကောင်မှာ (၆) လကြာလျှင် အကောင်အရွယ်အစားပေါ်မူတည်ပြီး (၆၀၀၀၀၀-၇၀၀၀၀၀) ကျပ်ပေါက်ဈေးရှိပါသည်။ ဟိုပုံးမြို့တွင် ဝက်သား (၁) ပိဿာလျှင် (၁၈၀၀၀) ကျပ်နှင့် ဝက်ကလီစာ ၁ပိဿာလျှင် (၁၅၀၀၀) ကျပ်တို့ဖြစ်ပါသည်။ ဝက်မွေးမြူရာတွင် သားဖောက်ရောင်းချခြင်း၊ အသားထုတ်လုပ်ရောင်းချခြင်းအပြင် ဝက်ချေးများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်သည့်အတွက် မိမိအိမ်၊ ခြံမြေအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာတွင်လည်း များစွာအထောက်အကူပြုနိုင်ပါသည်။
ဝက်များကို တစ်နိုင်တစ်ပိုင်မွေးမြူရာတွင် အဓိကဂရုပြုရမည့်အချက်မှာ ဝက်ကိုကျွေးမွေးသည့်အစားအစာ၊ ရေနှင့် “ဆီးအစ ဝမ်းအဆုံး” တို့ကို မျက်ချေမပြတ်ဂရုစိုက်မွေးမြူနိုင်မှသာ ဆုံးရှုံးမှုမရှိဘဲ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါသည်။ “ကြွေးတင် ဝက်မွေး” ဆိုသည့်စကားအတိုင်း စားဝတ်နေရေးအဆင်ပြေစေရေးနှင့် နေ့စဉ် ဝက်စုဘူးဖြင့် ငွေစုဆောင်းနိုင်မည်ဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူခြင်းဖြင့် မိသားစုအရေး တစ်ဖက်တစ်လှမ်းမှဖြေရှင်းခဲ့ကြောင်း ဝက်မွေးမြူသူ ဒေါ်ငယ်ထံမှသိရှိခွင့်ရရှိခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)