ဇွန်ပန်းသည် မွှေးကြိုင်သော သင်းရနံ့နှင့်အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သောပန်း ဖြစ်ပါသည်။ ဇွန်ပန်းသည် အမည်နှင့်လိုက်ဖက်စွာ ဇွန်လမှာ စတင်ပွင့်တတ်ပြီး ဩဂုတ်လအထိ ပွင့်သောပန်းဖြစ်သည်။ ဇွန်ပန်းပင်သည် ချုံပင် သို့မဟုတ်နွယ်ပင်တစ်မျိုးဖြစ်ပြီး ဇွန်ကြီး ၊ဇွန်လေးဟူ၍ နှစ်မျိုးရှိပါသည်။
ဇွန်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် ဇွန်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ ဇွန်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါ သည်။ ဇွန်ပန်းကုံးများကို ဘုရားပန်းကပ်လှူရန်၊ ပန်းပန်ရန်နှင့် ကားများ ၊ဈေးဆိုင်များတွင် ချိတ်ဆွဲရန်တို့အတွက် ဝယ်ယူကြကြောင်း သိရှိရပါသည်။ ညနေခင်းအချိန်တွင် ရရှိလာသောဇွန်ပန်းများကို ကြိုးဖြင့်သီကုံး၍ ဖက်ကလေးများဖြင့်ထုပ်ကာ ပြင်ဆင်ထားပြီး နောက်နေ့နံနက်စောစောအချိန်တွင် ဈေးသို့သွား၍ ရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစု ဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်သည်။
ယခုအခါ ဇွန်ပန်းများကိုသီကုံးပြီး ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးသို့ လာရောက် ပန်းရောင်းချသည့် လုပ်ငန်းရှင်၏ပြောပြချက်အရ တစ်ရက်လျှင် ဇွန်ပန်းကုံး(၃၀ မှ ၅၀) ခန့်အထိရရှိပြီး ဇွန်ပန်း(၁)ကုံးလျှင် (၂၀၀)ကျပ်၊ (၁၀)ကုံးလျှင် (၁၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)