Main menu

ပခုက္ကူဈေးကွက်တွင် ရာသီပေါ် ဂွေးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

    ဂွေးသီးပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးသော ပင်ကြီးအမျိုးအစား ဖြစ်ပါသည်။ ဂွေးချိုပင်နှင့် ဂွေးချဉ်ပင်ဟူ၍ နှစ်မျိုးရှိပါသည်။ ဂွေးချိုသီးမှာ အများအားဖြင့် အချဉ်ပေါင်းပြုလုပ်၍ သရေစာအဖြစ် စားသုံးကြသည်။ ဂွေးချဉ်သီးမှာ မြန်မာတို့၏ မီးဖိုချောင်တွင် အိမ်ရှင်မများအနေဖြင့် ဂွေးသီးငပိချက်အဖြစ် အရံဟင်းလျာအနေဖြင့် ချက်ပြုတ်စားသုံးကြသည့်အပြင် ဂွေးသီးကို မြေပဲဆံဖြင့် ထောင်းခြင်း၊ ချက်ပြုတ်ခြင်းများ ပြုလုပ်၍ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံတစ်မျိုးဖြစ်ပါသည်။

    ဂွေးသီးတွင် အမျှင်ဓါတ်များစွာပါရှိခြင်းအပြင် ဗီတာမင်စီဓါတ်၊ ကယ်လစီယမ်ဓါတ်နှင့် သံဓါတ် မြင့်မားစွာပါရှိခြင်းကြောင့် ကျန်းမာရေးကို များစွာအကျိုးပြုစေသော သီးနှံဖြစ်သည်။ ဂွေးပင်သည် အိမ်ခြံမြေများတွင် စနစ်တကျစိုက်ပျိုးခြင်း၊ ယာမြေများတွင် အလေ့ကျပေါက်ရောက်သော အပင်ကြီးဖြစ်သည်။ ၂၀၂၃ခုနှစ် ဇွန်လဆန်းမှစ၍ ဂွေးသီးများလှိုင်လှိုင်ပေါ်လျက်ရှိပြီး ဇွန်လ (စတုတ္ထပတ်)တွင် ပခုက္ကူဈေးကွက်၌ ဂွေးချဉ်သီး နို့ဆီတစ်ဘူးလျှင် ကျပ်(၃၀၀)၊ လေးဘူးလျှင် ကျပ်(၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်သည်။ ယခင်နှစ်ဂွေးသီးပေါ်ချိန်တွင် နို့ဆီတစ်ဘူးလျှင် ကျပ်(၂၀၀)၊ သုံးဘူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဝယ်ယူစားသုံးသူများထံမှ သိရှိရပါသည်။

  ဂွေးသီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိပြီး ကျန်းမာရေးဆေးဖက်ဝင် သီးနှံဖြစ်သည့်အပြင် ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူရရှိသော ဂွေးသီးကို ဝယ်ယူစားသုံးမှုများ၍ ဈေးကွက်အတွင်းတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)