မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာ၌ ဝါးဖြင့်ပြုလုပ်သော ပျိုးစည်းသည့်နှီးလုပ်ငန်းကိုလုပ်ကိုင်ကြခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။
ပျိုးစီးနှီးပြုလုပ်ရာတွင် ကုန်ကြမ်းဝါးကို တောင်တွင်းကြီးမှထွက်ရှိသော ကြက်သောင်းဝါးနှင့် စေတုတ္တရာမြို့နယ်၊ မြောက်ဦးဒေသမှထွက်ရှိသော ဝါးများကိုအသုံးပြုရကြောင်း၊ ဝါး(၁)လုံးလျှင် ကျပ်(၁၀၀၀)မှ ကျပ်(၁၅၀၀)အထိပေးဝယ်ရကြောင်း၊ ဝါး(၁)လုံးစိပ်လျှင် တစ်ထောင့်တစ်ထွာဝါးအဆစ်ပိုင်း(၆)ပိုင်းရရှိပါကြောင်း၊ ဝါးအဆစ်ပိုင်းတစ်ဖြတ်လျှင် ပျိုးစည်းသည့်နှီးအပင်ရေ(၅၀၀)ခန့်ထွက်ရှိကာ ဝါး(၁)လုံးလျှင် ပျိုးစည်းသည့်နှီးအပင်ရေ(၃၀၀၀)ခန့်ရရှိပါကြောင်း၊ (၁)ရက်လျှင် လူတစ်ဦးပြီးစီးသော ပျိုးစည်းသည့်နှီးအပင်ရေ(၅၀၀၀)ပင်ဖြစ်ပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဝါးဝယ်ယူခနုတ်ပြီး မိသားစုလုပ်အားဖြင့် လုပ်ကိုင်ရ၍ တစ်နေ့လျှင် ဝင်ငွေကျပ်(၃၅၀၀)မှ ကျပ်(၄၀၀၀)ရရှိပါကြောင်း၊ ထုတ်လုပ်ထွက်ရှိလာသောပျိုးစည်းသည့်နှီးများကို တစ်ထောင်စီး(၁)စီးလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့် ဒေသတွင်းသာမက နီးစပ်ရာမြို့များဖြစ်သော ပွင့်ဖြူမြို့၊ စကုမြို့၊ ဆိပ်ဖြူမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ပျိုးစည်းသည့်နှီးများကို နွေစပါး၊ မိုးစပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် တွင်တွင်ကျယ်ကျယ်ထုတ်လုပ်ရပါကြောင်း၊ ရှမ်းရွာကုန်းကျေးရွာရှိ အိမ်ထောင်စုထက်ဝက်ခန့်သည် မိရိုးဖလာပျိုးစည်းသည့်နှီးလုပ်ငန်းကိုလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း ဒေသခံပျိုးစည်းသည့်နှီးလုပ်ငန်းရှင် မဝင်းမာထံမှသိရှိရပါသည်။
DOCA(မကွေး)