Main menu

ဗီယက်နမ်၏ ပုစွန်ဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

ဗီယက်နမ် Bac Lieu ပြည်နယ်စီရင်စုနှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတို့တစ်လျှောက်ရှိ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ပုစွန်မွေးမြူရေးလုပ်ငန်းများသည် မကြာသေးမီကာလအတွင်း ဈေးနှုန်းများ ကျဆင်းလာမှုကြောင့် အထိနာခဲ့ကြောင်း၊ Bac Lieu ပြည်နယ်စီရင်ရှိ ပုစွန်အသင်း၏ ဥက္ကဋ္ဌ Mr. Ta Hoang Nhiem ၏ ပြောကြားမှုအရ ၂၀၂၃ ခုနှစ်တွင် ပုစွန်ဈေးနှုန်းများ ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းသည် ဒေသတွင်းမွေးမြူရေးသမားများအပေါ် အလွန်အမင်းဆုံးရှုံးမှုများဖြစ်ပေါ် စေကြောင်းဖြင့် Vietnam News သတင်းဌာနက ဖော်ပြထားသည်။

ကုန်ကျစရိတ်များ လျှော့ချရန်အတွက် လယ်ကွက်အများအပြားသည် ဒေသတွင်းရေစနစ်အတွင်းသို့ ရေဆိုးရေညစ်များကို လွှတ်သွင်းရခြင်းမှတစ်ဆင့် ပတ်ဝန်းကျင်နှင့် လူ့အသက်ကိုပါ ခြောက်လှန့်မှု ဖြစ်ပေါ်စေကြောင်း၊ ယခုနှစ်တင်ပို့မှု အတက်အကျများသည် ဒေသတွင်းပုစွန် မွေးမြူရေးလုပ်ငန်းများအတွက် ပိတ်သိမ်းမှုအထိပါ ဖြစ်စေနိုင်ကြောင်း၊ ပြည်နယ်စီရင်စုဆိုင်ရာ ပြည်သူ့ကော်မတီဥက္ကဋ္ဌ Mr. Pham Van Thieu ၏ ပြောကြားမှုကို သိရသည်။

Minh Phu ပင်လယ်စာကော်ပိုရေးရှင်းအဖွဲ့၏ ညွှန်ကြားရေးမှုးချုပ် Mr. Le Van Quang ၏  ပြောကြားမှုအရ လက်ရှိကာလတွင် စီးပွားရေးအကျဖက်သို့ ရောက်ရှိနေခြင်းကြောင့် နိုင်ငံအများအပြားသည် ပုစွန်တင်သွင်းမှုကို လျှော့ချနေခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်၏ ပုစွန်တင်ပို့မှုများအတွက် ထုတ်လုပ်ကုန်ကျစရိတ်မြင့်မားမှုကို အီကွေဒေါနှင့် အိန္ဒိယတို့နှင့် နှိုင်းယှဉ်ကြည့်ပါက မယှဉ်ပြိုင်နိုင်ကြောင်း၊ အီကွေဒေါ၏ ၉၀ ရာခိုင်နှုန်းနှင့် အိန္ဒိယ၏ ၆၀ ရာခိုင်နှုန်းအသီးသီးဖြင့် နှိုင်းယှဉ်ပါက ဗီယက်နမ်၏ ပုစွန်လုပ်ငန်းအောင်မြင်မှုနှုန်းအနေဖြင့် ၄၀ ရာခိုင်နှုန်းဖြစ်နေကြောင်း၊  ထို့ကြောင့် အရည်အသွေးမြင့်ပုစွန်များ မွေးမြူနိုင်ရေး၊ မွေးမြူရေးလုပ်ကွက်များ၌ သိပ်သည်းစွာ မွေးမြူမှုကို‌ လျှော့ချနိုင်ရေး၊ ကောင်းမွန်သော မွေးမြူရေးနည်းလမ်း အသုံးပြုနိုင်ရေးတို့သည် အောင်မြင်မှုရာခိုင်နှုန်းကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်းဖြင့် သိရသည်။

ကျွမ်းကျင်သူအများအပြားကမူ ကုန်ကျစရိတ်နည်းပါးရန်အတွက် ပုစွန်အစာကို တိကျစွာ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ ဗီယက်နမ် သားငါးမွေးမြူရေးအဖွဲ့၏ အကြီးအကဲ Mr. Tran Dinh Luan ကမူ တစ်ပိုင်တစ်နိုင် သားငါးပုစွန် မွေးမြူရေးလုပ်ငန်းများသည် သမဝါယအစုအဖွဲ့များနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက် ကုန်ကျစရိတ်သက်သာစေရေး၊ အလွန်အကျွံ သားငါးဖမ်းမှုများ မပြုလုပ်ရေးနှင့် ထုတ်ကုန်အရည်အသွေး အဆင့်အတန်းမီလာစေရေးတို့အတွက် ရှေးရှုရမည်ဖြစ်ကြောင်း၊ ယခုနှစ်အကုန်တွင် ပုစွန်ဈေးနှုန်းများ မူလအတိုင်း ဖြစ်ပေါ်စေရန် ခန့်မှန်းထားကြောင်း၊ ပုစွန်မျိုး အရည်အသွေးနှင့် မွေးမြူသည့်ပတ်ဝန်းကျင်ကောင်းမွန်စေရေး သင့်လျော်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားထားသည်ကို Vietnam News သတင်းဌာနက ဖော်ပြထားသည်။

Source: Vietnam News, 3 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)