Main menu

ပျဉ်းတော်သိမ်ပင်၏ အကျိုးကျေးဇူးနှင့် အသုံးဝင်ပုံများ

Powered by Drupal

     ပျဉ်းတော်သိမ်ပင်သည် အလေ့ကျပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း နေရာအများအပြားတွင် တွေ့နိုင်ပါသည်။ အချို့နေရာများတွင် အလေ့ကျမဟုတ်ဘဲ အသီးကိုပျိုး၍ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ ပျဉ်းတော်သိမ်အပင်ဖြစ်ပေါ်လာပုံမှာ ရှေးမြန်မာဘုရင်များလက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ရေဖျဉ်းရောဂါစွဲကပ်သည့်အခါ နန်းတွင်းသမားတော်များက ပျဉ်းတော်သိမ်နှင့်ကုသကြပါသည်။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျား၍ ပျဉ်တော်သိမ်ဟု နာမည်တွင်ကျန်ခဲ့သည်ဟု လေ့လာသိရှိရပါသည်။

   ပျဉ်းတော်သိမ်ပင်တွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေသော ဗီတာမင်- A,C,B1,B2 ၊ထုံးဓါတ်၊ သံဓါတ်၊ ကစီဓါတ်၊ အမျှင်ဓါတ်၊ အသားဓါတ်များစွာပါဝင်ပြီး ပါဝင်သောဓါတ်တိုးတားဆီးမှု (Antioxidant) သတ္တိဖြင့် ကင်ဆာရောဂါနှင့်နှလုံးရောဂါတို့ကို တာဆီးပေးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါကောင်းမွန်စေကြောင်း လေ့လာသိရှိရပါသည်။ ထို့အပြင် ပျဉ်းတော်သိမ်ပင်တွင် အမိုင်နိုအက်ဆစ်များစွာလည်း ပါဝင်သည့်အတွက် အစားအသောက်များအား မွှေးကြိုင်သောရနံ့ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကုသပေးနိုင်ပါသည်။ ခံတွင်းပျက်ခြင်းအတွက် ပျဉ်းတော်သိမ်ရွက် အနည်းငယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ မန်ကျည်းမှည့်၊ ငရုတ်သီးနှင့် ဆားအနည်းငယ်စီရောကြိတ်၍ အနှစ်ကို ထမင်းဖြူနှင့်စားသုံးပါက ခံတွင်းပြန်လည်ကောင်းမွန်လာနိုင်ပြီး အစားစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ကလေးများ ဆာလောင်မှုမရှိပါကလည်း ခံတွင်းကောင်းအောင် လှုံဆော်သည့်အစာအဖြစ် အရွက်သတ္တုရည်၊ ထမင်းစားဇွန်း(၂)ဇွန်းတွင် သံပုရာရည်(သို့) ပျားရည်အနည်းငယ်ဖြင့်ရော၍တိုက်ပါက ပျောက်ကင်းလာနိုင် ကြောင်း လေ့လာသိရှိရပါသည်။

    ဆီးချို၊ သွေးချိုရောဂါအတွက် နေ့စဉ်နံနက် အိပ်ယာထချိန် အစာမစားမီ ပျဉ်းတော်သိမ်ရွက် (၁၀)ရွက်ကို (၃)လတိတိစားလျှင် ထိုရောဂါများထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း ထက်ဝက်ကျော်လျော့ချနိုင်ပါသည်။ ဆီးချိုကြောင့်ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးထဲတွင်လွန်ကဲစွာရှိနေသော ကိုလက်စထရောများကိုလျော့ချပေးနိုင်ပါသည်။ ထိုပြင်ကျန်းမာရေးအတွက်သာမက အလှအပရေးရာကိစ္စများတွင်လည်း ပျဉ်းတော်သိမ်ပင်သည် အမျိုးသမီးတွေတန်ဖိုးထားမြတ်နိုးရသော ဆံနွယ်၏ လှပမှုအတွက် အသုံးဝင်ပြီး ဆံပင်ပါးခြင်း၊ ဆံပင်ဖြူခြင်း၊ ဆံသားပျက်စီးခြင်းများနှင့် ဆံနွယ်များနက်မှောင်သန်စွမ်းစေခြင်းနှင့် ဆံပင်ဖြူခြင်းအတွက် ပျဉ်းတော်သိမ်ရွက်ကိုကြိတ်၍ ထွက်သောအရည်ကို အုန်းဆီနှင့်ရောကာ မီးအေးအေးနှင့်ကျိုချက်ပြီး အအေးခံထားပြီးလျှင် နေ့စဉ်လိမ်းပေးပါက ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင် သီးစုံပဲကုလားဟင်းတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ဆိတ်သားဟင်းတွင် အညှီနံ့ပျောက်စေရန်အတွက် ပျဉ်းတော်သိမ်ရွက်ကို ဆီသတ်၍ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း၊ ဗယာကြော်ထဲတွင် ပျဉ်တော်သိမ်ရွက်ကို ကတ်ကြီးဖြင့်ညှပ်၍ မွှေးကြိုင်စေရန်ထည့်၍ကြော်လှော်၍လည်းကောင်း အသုံးပြုကြပြီး အလေ့ကျခူး၍သော်လည်းကောင်း၊ ဈေးကွက်ထဲတွင် ဝယ်၍သော်လည်းကောင်း အသုံးပြုကြပါသည်။ ပြည်မြို့ပေါ်ရှိဈေးများတွင် ပျဉ်းတော်သိမ်တစ်စည်းလျှင် (၁၀၀-၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)