သခွားသီးကို အင်္ဂလိပ်လို Cucumber ဟုခေါ်ပါသည်။ သခွားပင်သည် နွယ်ပင်အမျိုးအစားတွင်ပါဝင်၍ မိုးသခွားနှင့် ဆောင်းသခွားဟူ၍ (၂)မျိုးရှိပါသည်။ မိုးသခွားပင်မျိုးမှာ အပူဒဏ်ခံနိုင်ပြီး ကိုင်းထွက်ရန်လွယ်ကူပါသည်။ ဆောင်းသခွားပင်မှာ အအေးဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ အသီး များမှာ ပင်မကိုင်းမှထွက်လာပြီး ပုံသဏ္ဌာန်မှာ တုတ်တိုတိုရှိပါသည်။ သခွားသီးများသည် အစိမ်းစားအသီးနှင့် အမှည့်စားအသီးဟူ၍ (၂)မျိုးရှိပါသည်။ သခွားပင်များကို စိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်းတစ်ပေခွာပြီး အစေ့များအား တစ်ကျင်းလျှင် (၃/၄)စေ့ ထည့်ပြီး စိုက်ပျိုးရပါသည်။ အပင်လေးများစတင်ထွက်ပေါ်လာပြီးနောက် အပင်ငယ်လေးများကို စင်ပေါ်သို့ တက်နိုင်ရန်အတွက် ဝါးခြမ်းလေးများ ထောင်ပေးရပါသည်။ သခွားပင်များအား မိုးတွင်းကာလတွင် ရေလောင်းပေးရန်မလိုအပ်သော်လည်း ဆောင်းတွင်းကာလတွင် ရေ တစ်နေ့လျှင် (၂)ကြိမ် ရေလောင်းပေးရပါသည်။
သခွားသီးများကို သခွားပင်စတင်စိုက်ပျိုးသည့်အချိန်မှ စတင်ပြီး (၄၅)ရက်ကြာလျှင် အသီးများ စတင်ခူးဆွတ်နိုင်ပါသည်။ သခွားသီး၏အရွယ်အစားမှာ ရှည်မျှောမျှောအသီး၊ လုံးလုံးပုပုအသီးများရှိပါသည်။ သခွားသီးအလုံးသေးအနုလေးများကို ငပိရည်ကျိုဖြင့်လည်းကောင်း၊ ငံပြာရည်ချက်တို့ဖြင့် အတို့အမြှုပ်အဖြစ်စားသုံးကြသလို သခွားသီးအလုံးအကြီး အရင့်အမှည့်များအား အစိမ်းသုတ်၍ စားသုံးကြပါသည်။ သခွားသီးတွင် ရေဓါတ်များစွာပါဝင်သဖြင့် ရေငတ်ပြေစေသည့်အပြင် မကြာခဏစားသောက်ပေးခြင်းဖြင့် အသားအရေစိုပြေပြီး အရေပြားအတွက်လည်း ကောင်းမွန်စေပါသည်။ သခွားပင်များအား အပူပိုင်းဒေသများနှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အနေဖြင့် ကျေးလက်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းသို့ တင်ပို့ရာတွင် ကုန်စိမ်းဒိုင်များသို့ ရက်ပတ်အလိုက် ခူးပြီးပေးပို့သလို ရန်ကုန်မြို့ ရှိ သီရိမင်္ဂလာဈေးအတွင်းသို့လည်း ပွဲစားများမှတစ်ဆင့် ပေးပို့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)