ပြည်မြို့ရှိ ပန်းဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ပန်းတိမ်ငိုပန်းများ ရောင်းချနေပြီဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို တောင်ကြီးမှလာသော နှစ်ထပ်ပန်းနှင့် ပြည်မြို့ စက်မှုကွက်သစ်အတွင်းရှိ သန္ဓေပင် ရပ်ကွက်တွင် စိုက်ပျိုးသော တစ်ထပ်ပန်းဟူ၍ နှစ်မျိုးစလုံးကို ဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ ပန်း၏အရောင်မှာအဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည်ဖြင့် ရှိပါသည်။ ပန်းတိမ်ငိုပန်းသည် စိုက်ပျိုးရလွယ်ကူသောပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို ဥများဖြင့် သော်လည်းကောင်း၊ အကိုင်းကို မြေထဲသို့ထိုး၍ စိုက်ပျိုးနိုင်ပါသည်။ ဥများကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် စတင်စိုက်ပျိုးပြီး မိုးရာသီအလယ်တွင် စတင်ခူးဆွတ်နိုင်မှာ ဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းသည် အောက်တိုဘာလတွင် ပန်းပွင့်များတုန်းသွားပြီး ဒီဇင်ဘာလတွင် အရွက်များ ကြွေကျကာ အပင်နားသောအချိန်ဖြစ်ပါသည်။ မတ်လတွင် အရွက်ကျန်များကိုဖြတ်ထုတ်ပြီး နွားချေး၊ မြေဩဇာနှင့် မန်ကျည်းရွက်ဆွေးများထည့်ပေးပါက ပန်းများစောစီးစွာပွင့်မည်ဖြစ်ပါသည်။ ပန်တိမ်ငိုပန်းခင်းများကို (၃)နှစ်အထိသာစိုက်ပျိုးပြီး (၃)နှစ်ပြည့်ပါက ဥများကိုပြန်ဖော်၍ ပြန်လည် စိုက်ပျိုးပေးရပါမည်။ စိုက်ပျိုးရာတွင် ခြစားခြင်း၊ အမြစ်ပုတ်ခြင်းများ မဖြစ်ပေါ်အောင် ဂရုစိုက် ပေးရမည်ဖြစ်ပါသည်။ ဘုရားပန်းများ ကပ်လှူပြီးစွန့်ပစ်သည့်အခါ စွန့်ပစ်ပင်စည်များအား အိုးတွင် ကိုင်းထိုးစိုက်ပျိုး၍လည်း ရကြောင်းသိရပါသည်။ ပြည်မြို့တွင် တောင်ကြီးမှလာသော နှစ်ထပ် ပန်းတိမ်ငို ဆယ်တန်စည်းတစ်စည်းကို (၅၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပြီး ဒေသထွက် တစ်ထပ်ပန်းကိုတော့ ဆယ်တန်စည်းတစ်စည်းကို (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရ ပါသည်။ မျိုးဥဘိုး တစ်ကြိမ်ရင်းနှီးရုံဖြင့် (၃)နှစ်စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးသင့် သည့် ပန်းတစ်မျိုးဖြစ်ပါသည်။ အရိပ်တွင်လည်းဖြစ်ထွန်းပြီး အခြားသောအပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးနိုင်သောကြောင့် စီးပွားဖြစ်တွက်ချေကိုက်၍ စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)