Main menu

ကလေးငယ်များ အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး ဟောပြောပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့်( ၅.၇.၂၀၂၃ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရာပြည့်စံကိုယ်ပိုင် အထက်တန်းကျောင်း၌အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၁၂၀) ဦးနှင့် ဆရာ၊ ဆရာမ (၂၀) ဦး စုစုပေါင်း (၁၄၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် ရာပြည့်စံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ယခုလက်ရှိ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉) ပါ စားသုံးသူများ ရရှိသည့်အခွင့်အရေး (၈)ချက်ကိုလည်း ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည် စေရန် ဥပမာများဖြင့် ရှင်းလင်းခြင်းနှင့် စားသုံးသူများလိုက်နာရမည့်တာဝန် (၄) ချက်ကိုလည်း ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ် ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

       ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်ကို တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား ရှင်းလင်းလွယ်ကူ သိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုလိုစားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်းသာမကလုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည့် အချက်များပါဝင်နိုင်ရေး ဌာနမှ သွားရောက်ဆွေးနွေး အသိပညာပေးကြောင်း သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့် အချက်များ ပါဝင်လာပြီး စားသုံးသူများအတွက်လုံခြုံစိတ်ချရသည့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သို့မှသာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

    ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှု ရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလျှင် ဖြေရှင်းဆောင်ရွက်ပေးလို့မရသည့် ကိစ္စများနှင့် တိုင်ကြားနိုင်သူများအကြောင်း  ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)