မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့များတွင် မြို့နာမည်နှင့်အတူတွဲလျက် ထင်ရှားသည့် မြန်မာ့ရိုးရာအစားအစာများမှာ မန္တလေး ထိုးမုန့်၊ ပုသိမ် ဟာလဝါ၊ ပျဉ်းမနား မျှစ်ချဉ်၊ နေပြည်တော် နန်းစိန်ကိတ်၊ ကသာ ငါးကြီးချဉ်နှင့် ကောက်ညှင်းကျည်တောက်၊ စစ်ကိုင်း ခိုတောင်မုန့်တီ၊ မုံရွာ-မအူ မြေပဲဆားလှော် စသည့်ဖြင့် နာမည်ကျော်ကြားလျက်ရှိသည်။ ယင်းတို့အနက် မုံရွာမြို့နယ်၊ မအူကျေးရွာမှ မြေပဲဆားလှော် ထုတ်လုပ်မှုလုပ်ငန်းအကြောင်း တင်ပြလိုက်ပါသည်။
မုံရွာမြို့နယ်၊ မအူကျေးရွာတွင် မြေပဲဆားလှော်လုပ်ငန်းရှင် ၁၀ဦးခန့်ရှိပြီး၊ တစ်ရက်လျှင် မြေပဲလုံးဆံတင်း ၃၀၀ခန့် လှော်ပြီး မြေပဲဆားလှော်ထုတ်လုပ်နိုင်ကြောင်းသိရသည်။ ကုန်ကြမ်းဖြစ်သော မြေပဲလုံးဆံကို မုံရွာကုန်စည်ဒိုင်နှင့် ကလေးခရိုင်၊ မင်းကင်းမြို့မှ ဝယ်ယူသည်။ မြေပဲဆားလှော်ပြုလုပ်ရန် ပထမဦးစွာ မြေပဲလုံးဆံကို အရွယ်ညီအောင်ဇကာချရွေး၍ ဖုန်သဲခဲများ ဖယ်ထုတ်သန့်စင်ရပါသည်။ ရွေးပြီးမြေပဲလုံးဆံများကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ကာ အခွံရှုံ့လာပါက ဆယ်ယူပြီး အချိန်အနည်းငယ်နေပူလှန်းရသည်။ ထို့နောက် မြေပဲလုံးဆံ နှစ်ပြည်လျှင် ဆား ၇၅ကျပ်သားနှုန်းဖြင့် ဒယ်အိုးတွင် ဆားများကိုထည့်ပြီး မြေပဲများထည့်ကာ လှော်ရပါသည်။ အဆက်မပြတ် မွှေပေးရ၍ ယခင်က လူလုပ်အားဖြင့် ယောက်မကြီးများအသုံးပြုပြီး မွှေကြသော်လည်း ယခုစက်ဒလက်များဖြင့် မွှေကြသည်။ မြေပဲတစ်တင်းလှော်ပါက မြေပဲဆားလှော် တစ်တင်းခန့်ပြန်လည်ရရှိကြောင်း သိရှိရသည်။
မြေပဲဆားလှော်လုပ်ငန်းအကြီး၊ အသေးအလိုက် မြေပဲဆားလှော်လုပ်ငန်းကို ရက်ခြားထုတ်လုပ်ကြောင်း၊ နေ့စားလုပ်သားများအဖြစ် အမျိုးသမီး တစ်ဦးလျှင် ၅၀၀၀ကျပ်နှင့် အမျိုးသား တစ်ဦးလျှင် ကျပ်၁၀၀၀၀နှုန်းဖြင့် မအူကျေးရွာရှိ မြေပဲဆားလှော်လုပ်ငန်းများသည် လုပ်သားအင်အား ၁၀၀ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်သည်။
မြေပဲကို မြေပဲဆားလှော်၊ မြေပဲအပွကြော်၊ ကျောက်ခဲခေါ် မြေပဲကြက်ဥအဖြစ် အမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ မြေပဲအပွကြော်ကို သာဂူ၊ သကြား ဖြင့်ကပ်၍ ဆီဖြင့်ကြော်ခြင်းနှင့် မြေပဲကြက်ဥသည် ဂျုံမှုန့်၊ သကြားတို့ဖြင့် ကပ်၍ လှော်ခြင်းဖြစ်သည်။ ရောင်းဈေးနှုန်း များမှာ မြေပဲဆားလှော်တစ်ပြည်လျှင် ကျပ် ၆၅၀၀မှ ၇၅၀၀ကြား၊ မြေပဲအပွကြော် တစ်ပြည်လျှင် ကျပ် ၂၅၀၀မှ ၂၇၀၀ကြား၊ မြေပဲကြက်ဥတစ်ပြည်လျှင် ကျပ် ၄၂၀၀မှ ၄၄၀၀ကြား ဈေးနှုန်းအသီး သီးဖြင့် ရောင်းချကြသည်။ မုံရွာ-မန္တလေး ကားလမ်း မအူကျေးရွာထိပ်တွင် ဆိုင်ခန်း (၇)ဆိုင်ခန့် ဖွင့်လှစ်၍ရောင်းချခြင်း၊ မုံရွာမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သော ဗောဓိတစ်ထောင်၊ မိုးညှင်း သမ္ဗုဒ္ဓေ၊ ကျောက္ကာရွှေဂူနီဘုရားများရှိ ဈေးဆိုင်ခန်းများနှင့် ဈေးများတွင် ရောင်းချကြသည့်အပြင် တိုင်းတွင်း အခြားမြို့နယ်များ၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ တာချီလိတ်စသည့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
မြေပဲတွင် ပါဝင်သော အာဟာရဓာတ်များမှာ ကယ်လိုရီ (၅၄၈)ဂရမ်၊ ပရိုတင်းဓာတ် (၂၃.၄) ဂရမ်၊ အဆီဓာတ်(၄၅.၃)ဂရမ်၊ ထုံးဓာတ်(၅၈)မီလီဂရမ်၊ သံဓာတ်(၂)မီလီဂရမ်၊ ဗီတာမင်ဘီဝမ်း(၁) မီလီဂရမ် တို့ဖြစ်သည်။ မြေပဲကို အဓိကအားဖြင့် စားသုံးဆီအဖြစ်ကြိတ်ခွဲထုတ်လုပ် စားသုံးကြသည်။ မြေပဲဆီသည် အဆင့်မြင့်လူကြိုက်များသည့် ဆီဖြစ်သည်။ မြေပဲကို ဟင်းသီးဟင်းရွက်ဆီအဖြစ် အဓိကအသုံးပြုရန် စိုက်ပျိုးကြသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးတွင် အစားအစာသီးနှံ( Food Crop)အဖြစ် မြေပဲ၏အရေးပါမှုသည် နှစ်စဉ်တိုးတက်လျက်ရှိသည်။ မြေပဲဆံတွင် အစားချေဖျက်နိုင်သော ပရိုတိန်းဓာတ်ပါဝင်မှု များပြားသဖြင့်လည်းကောင်း၊ မြေပဲဆံ၏ ပြုပြင်ပြီးအရသာမှာ ထူးကဲမှုရှိ၍လည်းကောင်း ယခင်က သရေစာအစားအစာနှင့် စားသုံးဆီအဖြစ် သုံးစွဲကြသည်။ ယခုနောက်ပိုင်း မြေပဲစားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်များအတွက် ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးအတွက် အကျိုးရှိခြင်း၊ သည်းခြေကျောက်တည်ခြင်းကို ၂၅ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ခြင်း၊ ဦးနှောက်ကို သွေးစီးဆင်းလည်ပတ်မှု အားကောင်းစေခြင်း၊ စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးနိုင်ခြင်း၊ ဆီးချိုရောဂါကို လျော့ကျစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် မြေပဲဆံ (မြေပဲဆားလှော်)၊ မြေပဲအပွကြော်၊ ကြက်ဥမြေပဲတို့ကို စားသုံးသူများ နှစ်ခြိုက်စွာ ပိုမိုစားသုံးလာကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)