တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးများကိုစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ မနောသုခ၊ ဆင်းသုခ၊ ဗျော့ထွန်း၊ ရတနာစိုး၊ နယူးဧရာ စသည့်စပါးအမျိုးအစားများကိုစိုက်ပျိုးပြီး အဓိကအားဖြင့် ထိုင်းနှံကောက်စပါးမျိုးကို ပိုမိုစိုက်ပျိုးကြောင်းသိရပါသည်။
မိုးစပါး(စိုက်ခင်း)၁ဧကအတွက် စပါးမျိုးမှာ ၁တင်းခွဲပျိုးထောင်ရပြီး ၆၀၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ပျိုးခင်းစတင်ထွန်ယက်ရာတွင် နွားနှစ်ရှဉ်းသုံးရပြီး ၃၀၀၀၀ကျပ်ကုန်ကျပါသည်။ ထိုသို့ထွန်ယက်ပြီးနောက် မျိုးစပါးများကိုပျိုးထောင်စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီး ၁၅ရက်ကြာလျှင် မြေဩဇာတစ်ကြိမ်စတင်ကြဲရပြီးနောက် ၂၂ရက်ကြာလျှင် ဒုတိယအကြိမ်၊ ၂၅ရက်ကြာလျှင် တတိယအကြိမ်ကြဲရကြောင်းသိရပါသည်။ မြေဩဇာ ၃ကြိမ်အတွက် ကုန်ကျငွေမှာ ၁၅၀၀၀ကျပ်ကုန်ကျပါသည်။
ထို့နောက် ၁ဧကစိုက်ခင်းအတွက် နွားချေးလှည်း ၁စီးအသုံးပြုရပြီး ကုန်ကျငွေမှာ ၂၅၀၀၀ကျပ်ကျသင့်ပါသည်။ ထယ်ထိုး၊ ထွန်မွှေ၊ ကြမ်းတုံးရိုက် စုစုပေါင်းကုန်ကျစရိတ်မှာ ၁၃၅၀၀၀ကျပ်ကုန်ကျပါသည်။ ပျိုးနှုတ်ခမှာ ၁ဧကလျှင် လုပ်သားခ ၁၈၀၀၀ကျပ်ကျသင့်ပြီး ပျိုးပင်ထမ်းချရာတွင် လုပ်သားတစ်ဦးနှင့် ကောက်စိုက်လုပ်သားခဦးရေ ၁၁ဦးလျှင် ကုန်ကျငွေမှာ ၇၄၀၀၀ကျပ်ကျသင့်ကြောင်း အုတ်တွင်းမြို့နယ်ရှိ တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)