ပြည်ခရိုင်တွင် ယခုအချိန်သည် နှမ်းသီးနှံများဖြစ်သောမိုးနှမ်းများကို စိုက်ပျိုးနေချိန်ဖြစ်ပါသည်။ ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လကုန်အထိ မိုးနှမ်းစိုက်ပျိုးဧကမှာ (၈၇၃၉)ဧကရှိပြီး ပေါက်ခေါင်းမြို့ တွင် (၅၁၁၈)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၂၀၄၃)ဧက၊ ပြည်မြို့နယ်တွင် (၁၂၁၄)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၃၆၄)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်သဖြင့် အဝင်အနည်းငယ်သာရှိပြီး အရောင်းအဝယ်လည်း အနည်းငယ်သာဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်အနည်းငယ်ဖြစ်သော်လည်း ဈေးနှုန်းမှာ ယခင်ဇွန်လ၊ လကုန်အပတ်အတိုင်း ငြိမ်နေပါသည်။ မိုးနှမ်းများကို ယခုအချိန်တွင်စိုက်ပျိုးပြီး လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် နှမ်းသီးနှံများလှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ထိုသို့ နှမ်းသီးနှံများထွက်ပေါ်လာချိန်တွင် ရာသီဥတုဖျက်ဆီးမှုမရှိဘဲ အထွက်နှုန်းကောင်းမွန်ပါက နှမ်းစိုက်တောင်သူများအတွက် ပင်ပန်းရကျိုးနပ်မည်ဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းကိုသာ ပထမဦးစားပေးစိုက်ပျိုးပြီး ဆောင်းနှမ်းကို ဒုတိယဦးစားပေး၍စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးသည့်နှမ်းအမျိုးအစားမှာ နှမ်းနက်မျိုးဖြစ်ပြီး နှမ်းနီကိုအနည်းငယ်သာစိုက်ပျိုးကြောင်း သိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းလျှင် (၂၆၅၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းဝင် တစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် (၃၃၀၀၀၀)ကျပ်တို့ဖြင့် ပြည်ဈေးကွက်တွင် ဈေးနှုန်းအမြင့်ဖြင့် တည်ငြိမ်နေကြောင်းသိရပါသည်။
DOCA(ပဲခူး)