တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ အရှေ့ ဘက်၊ ဇီးပင်သာရဲစခန်းနှင့် တစ်မိုင်ခန့်အကွာတွင်ရှိပါသည်။ အိမ်ခြေ ၁၆၅အိမ်၊ လူဦးရေကျား/မပေါင်း ၆၄၁ဦးတို့နေထိုင်ကြပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် ချောင်းဖျားခံစီးဆင်းလာသော ခပေါင်းချောင်းဘေးတွင်တည်ရှိပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် ခပေါင်းဆည်ကြီးရှိသဖြင့် ခပေါင်းချောင်းသည် စိုက်ပျိုးရေးအတွက် ရေကိုဖူလုံစွာရရှိပါသည်။
ပေါင်းလောင်းတိန်ကျေးရွာရှိ မြေအမျိုးအစားမှာ နုန်းမြေ၊ သဲနုန်းမြေများဖြစ်သဖြင့် ၎င်းမြေအမျိုးအစားနှင့်ကိုက်ညီသည့် သီးနှံခင်းများ၊ ဥယျာဉ်သီးပင်များမှာ ဖြစ်ထွန်းလျက်ရှိပါသည်။ ခပေါင်းချောင်းအတွင်း စီးဆင်းလာသောရေကိုအသုံးပြု၍ ငှက်ပျောပင်၊ သင်္ဘောပင်၊ သံပရာပင်၊ ဘူးပင်၊ ဖရုံပင်များစိုက်ပျိုးရာ ဖြစ်ထွန်းလျက်ရှိပါသည်။
ယခုအခါတွင် ခပေါင်းတိန်ကျေးရွာရှိ တောင်သူများမှာ ဂျပန်နိုင်ငံသို့တင်ပို့မည့် ရုံးပတီသီးများကိုစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ Nilar Forzen Foods Co.,Ltd (NFF) သည် ခပေါင်းတိန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်သောတောင်သူများနှင့် အကျိုးတူပူးပေါင်းစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ တောင်သူများစိုက်ပျိုးမည့် ရုံးပတီမျိုးစေ့နှင့်သွင်းအားစုများကို အကြွေးစနစ်ဖြင့်ထုတ်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးနည်းများကိုလည်း သင် ကြားပေးသွားမည်ဟုသိရပါသည်။
ရုံးပတီစိုက်တောင်သူများအတွက် လိုအပ်သည်များကိုကူညီပေးနိုင်ရန်အတွက် စိုက်ပျိုးရေးပညာရှင်နှစ်ဦးကိုလည်း ကျေးရွာတွင်ထားရှိမည်ဟုသိရပါသည်။ စိုက်ပျိုးရန်အတွက် ထုတ်ပေးထားသောမျိုးစေ့ဖိုးနှင့် သွင်းအားစုဖိုးများကို သီးနှံပေါ်ချိန်တွင် အရစ်ကျခုနှိမ်သွားမည်ဖြစ်ပါသည်။ NFFကုမ္ပဏီက သတ်မှတ်ချက်နှင့်ကိုက်ညီသည့် 6-9 cm Size ရုံးပတီသီးများကို တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့်လည်းကောင်း၊ 9-13 cm Size ရုံးပတီသီးများကို တစ်ပိဿာလျှင် ၇၀၀ကျပ်ဖြင့်လည်းကောင်း စာချုပ်ချုပ်ဆို၍ ဝယ်ယူသွားမည်ဖြစ်ပါသည်။
Nilar Forzen Foods Co.,Ltd (NFF) သည် ခပေါင်းတိန်ကျေးရွာတွင် ဧက ၆၀ခန့်စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ ယခုလက်ရှိတွင် တောင်သူ (၂၄) ဦးမှာ (၁၆.၇၅) ဧကစိုက်ပျိုးနေပြီဖြစ်ကြောင်းသိရပါသည်။
DOCA(ပဲခူး)