Main menu

တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုအတွင်း နှမ်းခင်းများအောင်မြင်ဖြစ်ထွန်း

Powered by Drupal

  ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ (၂၀၂၃-၂၀၂၄) ဆီထွက်သီးနှံစိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၃၇၈၉ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအ‌ရသိရှိရပါသည်။ ဆီထွက်သီးနှံများဖြစ်သည့် မိုးမြေပဲနှင့်မိုးနှမ်းများကို စစ်တောင်းမြစ်ကမ်းရှိ သဲနုန်းမြေများ၊ အရှေ့ ရိုးမတောင်ခြေရှိ ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။

     ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ကမ်းနီကျေးရွာအုပ်စုအတွင်းရှိ ကမ်းနီ၊ ကရင်နီကုန်း၊ ညောင်စခန်း၊ လက်ပံတံခါး၊ ကျွန်းကြီး၊ သက်ကယ်ကျင်း၊ ဂုံမင်းအိုင်နှင့် ပိန္နဲပင်ကျေးရွာများရှိ မိုးနှမ်းစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေကြောင်းကိုတွေ့ရပါသည်။

    နှမ်းစိုက်ပျိုးချိန်တွင် နှမ်းမျိုးတစ်ပြည်လျှင် ၈၀၀၀ကျပ်ဖြင့်ဝယ်ယူရပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးရန် နှမ်းမျိုးစေ့နှစ်ပြည်လိုအပ်ပါသည်။ စစ်တောင်းမြစ်ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက နှမ်းခင်းများသို့ရေဝင်ရောက်နိုင်သည့်အတွက် စစ်တောင်းမြစ်ကမ်းရှိ နှမ်းခင်းများပျက်စီးနိုင်ပါသည်။ စစ်တောင်းမြစ်ရေပုံမှန်အတိုင်းရှိပါက ဇူလိုင်လကုန်တွင် နှမ်းခင်းများရိတ်သိမ်းနိုင်မည်ဖြစ်ပါသည်။

  နှမ်းများရိတ်သိမ်းသည့်အချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းပါက နှမ်းများပုပ်သွားတတ်ပါသည်။ နေရောင်ခြည်အပူချိန်ပုံမှန်ရရှိပါက နှမ်းခါသည့်အခါ နှမ်းထွက်ပါသည်။ နှမ်းတစ်ဧကလျှင် ၈တင်းမှ ၁၂တင်းအထိထွက်ရှိပါသည်။ နှမ်းတစ်တင်းဆီကြိတ်လျှင် ဆီ ၆ပိဿာခန့်ထွက်ရှိပါသည်။ ထွက်ရှိလာသောနှမ်းများကို မိသားစုစားဆီအဖြစ် ကြိတ်ထားကြပါသည်။ နှမ်းဖတ်များကို တိရစ္ဆာန်စာအဖြစ် အသုံးပြုကြပါသည်။ တချို့တောင်သူများမှာ မြေဩဇာရရှိစေရန် နှမ်းရိုးများကို လယ်ကွင်းထဲတွင်ချထားပါသည်။ မီးရှို့ပစ်သည့်သူများလည်းရှိပါသည်။

  ယခုအချိန်တွင် နှမ်းဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့်၊ နှမ်းဖတ်တစ်ပိဿာလျှင် ၃၅၀၀ကျပ်တို့ရှိပါသည်။ မိုးကြီးခြင်း၊ စစ်တောင်းမြစ်ရေလျှံခြင်းများမဖြစ်လျှင် နှမ်းစိုက်တောင်သူများမှာ စားသုံးဆီဖူလုံမည်ဖြစ်ကြောင်း၊ နှမ်းကိုဆီကြိတ်ခြင်းမရှိဘဲ တိုက်ရိုက်ရောင်းချသူများလည်း အပိုဝင်ငွေရရှိမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)