Main menu

စက်သုံးဆီတင်သွင်းမှုအပေါ် ဗီယက်နမ်အစိုးရက အခွန်နှုန်းထား လျှော့ချ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၌  ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် မီးထိုးဆီ (mazut oil) တို့အပေါ် ကောက်ခံလျက် ရှိသည့်  သွင်းကုန်အခွန်နှုန်းထားများကို အစိုးရက လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသို့ ပေးပို့သည့် စက်သုံးဆီ အခြေခံဈေးနှုန်းများ တွက်ချက်ရာတွင် အသုံးပြုရမည့် ပျမ်းမျှသွင်းကုန်အခွန် နှုန်းထားများစာရင်း ၌  အခွန်နှုန်းထား ပြောင်းလဲမှုကို ဖော်ပြခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ ဓါတ်ဆီ တင်သွင်းမှုအပေါ် ကောက်ခံသည့် ပျမ်းမျှအကောက်ခွန်နှုန်းကို ၅.၆၂%၊ ဒီဇယ်ဆီအပေါ် ပျမ်းမျှ အကောက်ခွန်နှုန်းကို ၀.၅၈% နှင့် မီးထိုးဆီအပေါ် ကောက်ခံသည့် ပျမ်းမျှအကောက်ခွန်နှုန်းကို ၁.၃၈% သို့ အသီးသီးလျှော့ချခဲ့ကြောင်း၊ ပါရာဖင်း (paraffin) ဖယောင်းဆီအတွက်မှု အကောက် ခွန်နှုန်း လျှော့ချခြင်းမရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ကုန်သည်များ၏ အဆိုပါ စက်သုံးဆီ ၄ မျိုး တင်သွင်းခဲ့မှု အချိုးအစားပေါ်မူတည်၍ ထိုသို့ အခွန်နှုန်းထားလျှော့ချမှုကို တွက်ချက်ခြင်းဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

ယခင်က ဓါတ်ဆီတင်သွင်းမှုအပေါ် ကောက်ခံသည့် ပျမ်းမျှအကောက်ခွန်နှုန်းမှာ ၁၀% ဖြစ်ပြီး ယခုအခွန်လျှော့ချမှုက မကြာမီကာလအတွင်း ဓါတ်ဆီဈေးနှုန်းများ ကျဆင်းစေခြင်းကို အထောက်အကူပြုမည်ဖြစ်သည်။

ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်မှ ယခုနှစ် ဒုတိယသုံးလပတ်ကုန်ဆုံးချိန်အထိ မည်သည့်ကုမ္ပဏီကမျှ ပါရာဖင်း ထုတ်ကုန်များကို တင်သွင်းမှုမရှိကြောင်း၊ ၎င်းထုတ်ကုန်များ၏ အရောင်းနည်းပါးမှုအရ ဈေးကွက်အတွင်း ဖြစ်ပေါ် နေသည့် ပါရာဖင်းဈေးနှုန်းကို သုံးသပ်လျက် အခြေခံဈေးနှုန်းအား ပြန်လည်တွက်ချက် ထုတ် ပြန်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသို့ အဆိုပြုထားကြောင်း သိရှိရသည်။

Source: Vietnam News, 9 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)