Main menu

အိန္ဒိယနိုင်ငံ၌ စားသုံးဆီ ရောနှောမှုဆိုင်ရာ နည်းဥပဒေအသစ်ထုတ်ပြန်

Powered by Drupal

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် စားသုံးဆီထုတ်လုပ်သူများ မဖြစ်မနေလိုက်နာရမည့် စားသုံးဆီရောနှောခွင့်ရှိသော ပမာဏရာခိုင်နှုန်းအား သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၅-၇-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။

၁၉၃၇ ခုနှစ် စိုက်ပျိုးရေးအခြေခံထုတ်ကုန် အဆင့်အတန်းသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းအက်ဥပဒေကို ကျင့်သုံးလျက် ထုတ်ပြန်သည့် အဆိုပါအမိန့်ကြော်ငြာစာ၌ “မတူညီသော အရင်းမြစ်များမှ ထုတ်လုပ်ထားသည့် စားသုံးဆီများကို အဆင့်အတန်းသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ နည်းဥပဒေများ ၂၀၂၃” ဟုခေါ်ဆိုရန် ဖော်ပြထားသည်။ ယခုနည်းဥပဒေအသစ်သည် ၁၉၉၁ ခုနှစ်၌ ထုတ်ပြန်ခဲ့သော “ရောနှော ဟင်းသီးဟင်းရွက်ဆီများ (အဆင့်အတန်း သတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်း) နည်းဥပဒေများ” ကို အစားထိုးပြဋ္ဌာန်းခြင်းဖြစ်ပြီး စားသုံးရန်အတွက် ခွင့်ပြုထားသော မည်သည့်ဟင်းသီးဟင်းရွက်ဆီများကိုမဆို ရောနှောခြင်းဖြင့် ပြုပြင်ထုတ်လုပ်သည့် စားသုံးဆီအရောအနှောများနှင့်သာ သက်ဆိုင်မည်ဖြစ်ပါသည်။

စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် ထုပ်ပိုးကုန်စည်အပေါ်တွင် ကုန်အမှတ်တံဆိပ်‌နှင့်အတူ “ရောနှောထုတ်လုပ်ထားသောစားသုံးဆီ (Multi-Source Edible Oil)” ဟူသော ကုန်အညွှန်းအမှတ်အသားကို သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ပြီး ရောနှောပါဝင်သော ပစ္စည်းအမည်နှင့် ပမာဏ၊ ရောနှောပစ္စည်းသည် ကုန်ကြမ်းဖြစ်ကြောင်း သို့မဟုတ် သန့်စင်‌ထားသည့် ကုန်ချောဖြစ်ကြောင်း စသည့်အချက်များ ပါဝင်ရမည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းများဆိုင်ရာ အာဏာပိုင်အဖွဲ့ (FSSAI) က လိုက်နာရမည့် စံချိန်စံညွှန်းများကို ထုတ်ပြန်ထားရှိချိန်တွင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ “Agmark” စိုက်ပျိုးရေးထုတ်ကုန် အမှတ်အသားအရ ချမှတ်ထားသည့် လမ်းညွှန်ချက်အများစုမှာ ဆန္ဒအလျောက်လိုက်နာနိုင်သည့် အချက်များဖြစ်ကြောင်း၊ သို့ရာတွင် စားသုံးဆီ ကဲ့သို့သော ကုန်ပစ္စည်းအချို့အတွက်မူ အဆင့်အတန်းသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းဥပ‌ဒေနှင့်အညီ မဖြစ်မနေလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုပါသည်။

ယခုနည်းဥပဒေအသစ်အရ စားသုံးဆီကို စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းတစ်ခုအနေဖြင့် မှတ်ယူရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းရှင်များစွာက သဘောတူညီမှုမရှိသည်ကို တွေ့ရကြောင်း၊  ရောနှောထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက်စားသုံးဆီ (MSVO) အတွက် Agmark အသိ အမှတ်ပြုလက်မှတ်ကို ဖယ်ရှားနိုင်ရေး FSSAI က အမိန့်မူကြမ်း စတင်ရေးဆွဲချိန်ကာလကပင် လုပ်ငန်းရှင်များက ကြိုဆိုမှုမရှိခြင်းဖြစ်ကြောင်း၊ သို့သော် FSSAI ၏ အမိန့်မူကြမ်း စတင်အတည်ပြု သက်ရောက်ချိန်တွင်  Agmark ၏ စံသတ်မှတ်ချက်များမှာ FSSAI ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်းဖြင့် အိန္ဒိယစားသုံးဆီ လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထုပ်ပိုးမှုပမာဏ ၁ လီတာအောက် လျော့နည်းပါက ကုန်အညွှန်းအမှတ်အသား၌ “ရောနှောထုတ်လုပ်ထားသောစားသုံးဆီ” ဟူသော  စာသားကို စာလုံးအရွယ်အစား ၃ မီလီမီတာ၊ အနည်းဆုံး အလျား ၃၅ မီလီမီတာ ဖော်ပြပါရှိရမည်ဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် စာသားအရွယ်အစားမှာ အနည်းဆုံး ၂ မီလီမီတာ ရှိရမည်ဖြစ်ပါသည်။

ထုပ်ပိုးမှုအရွယ်အစား ၁ လီတာမှ ၁.၅ လီတာအတွင်းဖြစ်ပါက “ရောနှောထုတ်လုပ်ထား သော စားသုံးဆီ”  စာသားသည် စာလုံးအရွယ်အစား ၄ မီလီမီတာ၊ အလျားအရှည် ၄၅ မီလီမီတာ အနည်းဆုံး ရှိရမည်ဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် စာသားအရွယ်အစားမှာ အနည်းဆုံး ၂.၅ မီလီမီတာ ရှိရမည်ဖြစ်ပါသည်။

FSSAI သည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်များကို ကြပ်မတ် ထိန်းကျောင်းလျက်ရှိချိန်၌ Agmark သည် ကုမ္ပဏီဝန်ထမ်းများအနေဖြင့် စားသောက်ကုန် ထုတ်လုပ်စဉ် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး သင်တန်းပို့ချပေးလျက်ရှိကြောင်း၊ ယခုအမိန့်စာအရ စားသုံးဆီအမျိုးအစား ၂ ခုရောနှောမည်ဆိုပါက အမျိုးအစားတစ်ခုစီကို အနည်းဆုံး ၂၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး သိသာစွာ ပြောင်းလဲမှုမရှိသော်လည်း ပဲပုပ်ဆီကို ၂၀ ရာခိုင်နှုန်းအောက်လျော့နည်းသော အခြားစားသုံးဆီ တစ်မျိုးနှင့် ရောနှောမည်ဆိုပါက ဥပဒေအရ ကန့်သတ်တားမြစ်ထားကြောင်း၊ ၂၀ ရာခိုင်နှုန်း အောက်လျော့နည်းပြီး ရောနှောထုတ်လုပ်မည့် ပြုပြင်ထုတ်လုပ်သူ မရှိနိုင်ကြောင်းနှင့် ထိုသို့ ရောနှောမည့်အစား ၁၀၀ ရာခိုင်နှုန်း သန့်စင်မှုရှိသည့် စားသုံးဆီတစ်မျိုးတည်းကိုသာ ထုတ်လုပ်သင့်ကြောင်း အဆိုပါ စိုက်ပျိုးရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကပြောဆိုပါသည်။

Source: The Hindu Business Line, 6 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)