Main menu

အိန္ဒိယနိုင်ငံ ကာနာတကာပြည်နယ်၌ GI တံဆိပ်ရရှိထားသည့် အာရေဗီးကားကော်ဖီ မြှင့်တင်ရေး ဆောင်ရွက်မည်

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ကော်ဖီထုတ်လုပ်မှု အကြီးမားဆုံးဖြစ်သော ကာနာတကာပြည်နယ်ရှိ Chikkamagaluru ၊ Kodagu နှင့် Bababudanagiri ဒေသများတွင် စိုက်ပျိုးထုတ်လုပ်သည့် အာရေဗီးကား ကုန်းမြင့်ကော်ဖီ အမျိုးအစားများသည် ထူးခြားသောအရသာနှင့် ရနံ့တို့ရှိပြီး ပထဝီအညွှန်း GI အမှတ်တံဆိပ်ရရှိထားရာ ၎င်းကော်ဖီများ၏ အမှတ်တံဆိပ် (Brand)  မြှင့်တင်မှုနှင့်အတူ ပြည်နယ်အတွင်း ကော်ဖီဂေဟခရီးသွားစနစ်ကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း  ပြည်နယ်ဝန်ကြီးချုပ် Siddaramiah က ပြောကြားခဲ့ပါသည်။

ကာနာတကာပြည်နယ်၏ ကော်ဖီထုတ်လုပ်မှုမှာ ပြည်တွင်း ထုတ်လုပ်မှုစုစုပေါင်း၏ ၃ ပုံ ၂ ပုံကျော်ရှိကြောင်း၊ ကော်ဖီဘုတ်အဖွဲ့၏ မုတ်သုံကာလအလွန်ခန့်မှန်းချက်အရ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ ကော်ဖီတန်ချိန် ၃.၆ သိန်းထုတ်လုပ်ခဲ့ရာ ကာနာတကာပြည်နယ်မှ တန်ချိန် ၂.၅၄ သိန်း ပါရှိကြောင်း၊ ပြည်နယ်အနေဖြင့် အာရေဗီးကား ကုန်းမြင့်ကော်ဖီ တန်ချိန် ၇၂၉၄၅ တန်နှင့် ရိုဘတ်စတာ မြေနိမ့်ကော်ဖီ တန်ချိန် ၁.၈၁ သိန်း ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကော်ဖီနှစ်မျိုးစလုံးကို Chikkamagaluru၊ Kodagu နှင့် Hassan ခရိုင်များတွင် အဓိက စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဥယျာဉ်ခြံသီးနှံကဏ္ဍ တိုးမြင့်စေရေးအတွက် အုန်းသီး၊ ကွမ်းသီး၊ စပျစ်သီး၊ သလဲသီး၊ သရက်သီးအပြင် အခြားသီးနှံများနှင့် ဟင်းသီးဟင်းရွက်များ၊ ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ခြင်း၊ စီမံပြုပြင်ထုပ်ပိုးခြင်း၊ အမှတ်တံဆိပ်မြှင့်တင်ခြင်းနှင့် တင်ပို့ခြင်းတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရောဂါပိုးမွှား ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ရူပီး ၅ ကုဋေ ကျခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥယျာဉ်ခြံသီးနှံများ စီမံပြုပြင်ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်းတို့အတွက် အအေးခန်းသိုလှောင်ရုံများနှင့် ပြုပြင်ထုပ်ပိုးရုံ ၈ ခုကို တည်ဆောက်မည်ဖြစ်ကြောင်းဖြင့်လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, 7 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)