Main menu

အယ်လ်နီညို မိုးခေါင်မှုဒဏ်ကြောင့် အာရှတွင် ၂ နှစ်အတွင်း၌ ဆန်ဈေးများမြင့်တက်လာခြင်း

Powered by Drupal

အယ်လ်နီညိုဖြစ်စဉ် စတင်ခြင်းကြောင့် စိုက်ခင်းများ ခြောက်သွေ့လာပြီး သီးနှံများ ထိခိုက်ပျက်စီးမည့်အပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး တင်သွင်းသူများအနေဖြင့်လည်း သိုလှောင်မှု များပြားလာခြင်းကြောင့် အာရှရှိ ဆန်ဈေးသည်လည်း နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

ဒေသတွင်း စံနှုန်းတစ်ခုဖြစ်သည့် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသော ထိုင်းဆန်ဖြူသည်  လွန်ခဲ့သည့် လေးလအတွင်း ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၅ ရှိရာ ၂၀၂၁ ခုနှစ် မတ်လဆန်းပိုင်းနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများ အသင်း၏အချက်အလက်များအရ သိရသည်။

အယ်လ်နီညိုအခြေအနေသည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပူပိုင်းပစိဖိတ်ဒေသတွင် ဖြစ်ပေါ်လာပြီး အရှေ့တောင်အာရှတွင်လည်း မိုးခေါင်ရေရှားလာနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး၏ အဆိုအရသိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့အပူချိန်အမြင့်ဆုံး စံချိန်တင်၍ သုံးရက်ကြာ ရာသီဥတုဖောက်ပြန်မှုနှင့်စပ်လျဉ်း၍  စိုးရိမ်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

ထိပ်တန်းတင်ပို့သူဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဒေသအချို့တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများတွင် ရေဝင်ရောက်ပြီး အပူဒဏ်မှ သက်သာလာသော်လည်း ခြောက်သွေ့ ရာသီဥတုသည် ကမ္ဘာ့ဒုတိယအဆင့် တင်ပို့သည့် ထိုင်းနိုင်ငံမှ ကောက်ပဲသီးနှံများကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် အစောပိုင်းမှစ၍ မိုးခေါင်ရေရှားသည့် အခြေအနေကို နေရာအနှံ့အပြား၌ ရင်ဆိုင်နေရကြောင်း၊  ထိုင်းအစိုးရသည် စိုက်ပျိုးခြင်းကို ကန့်သတ်သည့်အနေဖြင့် လယ်သမားများအား ယခုနှစ်တွင် သီးနှံတစ်မျိုးကိုသာ စိုက်ပျိုးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

အယ်လ်နီညိုကြောင့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ခြောက်သွေ့ရာသီဥတု၏ သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှာဖြစ်ကြောင်း၊ အယ်လ်နီညိုသည် နောက်နှစ်သို့ ဆက်သွားမည့် အလားအလာရှိသဖြင့် သိုလှောင်မှုများ လုပ်ဆောင်နေမှုကို တွေ့ရှိရမှာဖြစ်ပါကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောဆိုသည်။

ဆန်တင်သွင်းသည့်နိုင်ငံများသည် ဝယ်ယူစုဆောင်းမှုများကို အရှိန်မြှင့်တင်၍ စတင်ဆောင် ရွက်နေကြပြီဖြစ်သည်။ ဗီယက်နမ်သည် ယခုနှစ်တွင် ဆန်တင်ပို့မှုမှာ ဆယ်စုနှစ်တစ်ခုခန့်အတွင်း အမြင့်ဆုံးအထိ တက်လာနိုင်ရန် မျှော်မှန်းထားပြီး ဖိလစ်ပိုင်၊ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံများရှိ ဝယ်လက်များထံ တင်ပို့မှုလည်း မြင့်တက်လာကြောင်းသိရပါသည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှ ကြီးမားသောဝယ်ယူမှုသည် စျေးကွက်ကို ပိုမိုမြင့်မားလာစေခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံရေး သို့မဟုတ် ရာသီဥတု ပြောင်းလဲမှုမရှိပါက နှစ်သစ် သို့မဟုတ် စတုတ္ထသုံးလပတ်တွင် အားနည်းချက်များ ပြန်ဖြစ်လာနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ထောက်ပံ့မှုမှာ ထူးခြားစွာ ကြီးမားနေဆဲဖြစ်ကြောင်း The Rice Trader ၏ သုတေသနလုပ်ငန်းကို တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် Jeremy Zwinger က ပြောကြားခဲ့သည်။  ကမ္ဘာ့ နှစ်ကုန်ပိုင်း သိုလှောင်မှုမှာ နှစ်နှစ်အတွင်း ကျဆင်းသွားသော်လည်း ဆန်ထောက်ပံ့မှုမှာ စံချိန်တင်မြင့်မားလာကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ သိရသည်။စပါးစိုက်ပျိုးသည့် ထိပ်တန်းပြည်နယ်များဖြစ်သည့် Hunan နှင့် Jiangxi ၏ နေရာအချို့တွင် အပူချိန် ၄၀ ဒီကရီ စင်တီဂရိတ်အထိ မြင့်တက်လာပြီး လာမည့်ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းရှိ ဒေသအများအပြားတွင် အပူလှိုင်းများ ဆက်လက်ဖြစ်ပေါ်နိုင် ဖွယ်ရှိကြောင်းနှင့် အဆိုပါဒေသများရှိ အချို့သောဆန်များ အချိန်မတန်မီ ရင့်မှည့်စေမည့် အပူရှိနိုင်ခြေမြင့်မားသည်ဟု တရုတ်မိုးလေဝသနှင့် စီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်အရ သိရသည်။

Source: Bloomberg, 11 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)