Main menu

ပန်းတိမ်မနိုင် (ခေါ်) ပန်းတိမ်ငိုပန်း

Powered by Drupal

   ပန်းအလှ၌ ပန်းတိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသောပန်းတိမ်ငိုပန်းသည် သုံးရာသီရှိသောမြန်မာ့ရေမြေတွင် မိုးတွင်းကာလ၌ပွင့်တက်သည့် ပန်းတစ်မျိုးဖြစ်သည်။ ပန်းတိမ်ငိုမျိုးတွင် တစ်ထပ်ပန်းတိမ်ငို၊ နှစ်ထပ်ပန်းတိမ်ငို၊ သုံးထပ်ပန်းတိမ်ငို (ခေါ်) ဆင်စွယ်ဟူ၍သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အရောင်မှာ အပန်းရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်တို့ရှိကြသည်။ ဖေဖော်ဝါရီလတွင် ဥများကိုတူးဖော်ကာစိုက်ပျိုးကြသည်။ အပင်အမြင့်သည် ၁၈လက်မမှ ၂၄လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုနေသည်။ ပန်းတိမ်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပန်းတိမ်ငိုပန်းကို ရှမ်းပြည်နယ်၊ ရွာငံနှင့် ပင်းတယမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ယခုအခါ အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးကြပါသည်။ အပူရှိန်မြင့်မားသည့်ဒေသများတွင် ပန်းတိမ်ငိုပန်းကိုစိုက်ပျိုးနိုင်ရန် အမိုးအကာပြုလုပ်၍ စိုက်ပျိုးကြသည်။ ဆူကာသီး (ခေါ်) ဂေါ်ရခါးသီးစင်၊ ဗူးစင် စသည့်အရိပ်ရသောစင်များအောက်တွင်လည်း စိုက်ပျိုးနိုင်ပါသည်။ ပန်းတိမ်ငိုပန်းပင်သည် ရေကြိုက်နှစ်သက်သော်လည်း ရေဝပ်သည့်ဒဏ်ကိုမခံနိုင်ကြောင်း သိရပါသည်။ ပန်းတိမ်ငိုပန်းသည် ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင်လည်း တန်ဖိုးထားသော အလှဆင်သည့်ပန်းတစ်မျိုးဖြစ်သဖြင့် ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သောပန်းတစ်မျိုးဖြစ်ပါသည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် ပန်းတိမ်ငိုပန်း (အဖြူရောင်) (၁၀) ပင်ပါ (၁)စည်းလျှင် ၁၅၀၀ကျပ်နှုန်းရှိပြီး ပန်းတိမ်ငိုပန်း (ခရမ်းရောင်) (၁၀) ပင်ပါ (၁) စည်းလျှင် ၂၅၀၀ကျပ်နှုန်းနှင့် ပန်းတိမ်ငိုပန်း (အပန်းရောင်) (၁၀) ပင်ပါ (၁)စည်းလျှင် ၃၅၀၀ကျပ်နှုန်းတို့ဖြင့်ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ရှမ်း)