![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/14_5.jpg?itok=WOi7bg9d)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့နှင့်အတူ ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် နှမ်းဖတ်ချဉ်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်နှင့် (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သွားရောက်တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပါသည်။
ပခုက္ကူဒေသသည် ဒေသတွင်းအသေးစားလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုများပြားစွာလုပ်ကိုင်နိုင်မှုကြောင့် ဒေသတွင်းစီးပွားရေးကောင်းမွန်သော ဒေသတစ်ခုဖြစ်ပါသည်။ ဒေသတွင်းထုတ်ကုန်များစွာရှိသည့်အနက် ပခုက္ကူဒေသထွက် မြန်မာ့ရိုးရာအစားအစာတွင် နှမ်းဖတ်ချဉ်လည်းအပါအဝင်ဖြစ်သည်။ ပခုက္ကူလက်ဆောင်ဟုပြောလိုက်သည်နှင့်တစ်ပြိုင်နက် နှမ်းဖတ်ချဉ်သည် မပါလျှင်မဖြစ်သောအစားအစာတစ်ခုဖြစ်ပါသည်။
လုပ်ငန်းရှင်၏ပြောကြားချက်အရ နှမ်းဖတ်ချဉ်ထုတ်လုပ်သည့်လုပ်ငန်းကို ယခုအချိန်မှ လုပ်ကိုင်ခြင်းမဟုတ်ဘဲ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့ကြပြီး မိသားစုဝင်များဖြင့်သာ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချကြောင်းသိရှိရပါသည်။ နှမ်းဖတ်ချဉ်ဟုဆိုသော်လည်း အမှန်မှာ ပဲကိုကြိတ်၍ ထွက်လာသောပဲဖတ်များကိုသာ အချဉ်ပြုလုပ်ကြောင်း၊ နှမ်းဖတ်မှာ အနည်းငယ်မဲ၍ ပဲဖတ်မှာ ဖြူဖွေးပြီး အရောင်အဆင်းလှသောကြောင့် ပဲဖတ်နှင့်သာ ထုတ်လုပ်ကြောင်းသိရှိရပါသည်။
ကုန်ကြမ်းဖြစ်သော ပဲခွေဖတ် (ဆုံခွေဖတ်) များကို ပခုက္ကူမြို့ပေါ်ရှိ ဆီစက်ကြီးများမှ တစ်ပိဿာလျှင် ကျပ် (၃၁၀၀-၃၂၀၀) ဈေးဖြင့်ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် တစ်ခွေကို (၃) ပိဿာ၊ (၃) ပိဿာနှင့် (၅၀)ကျပ်သားအချိန်ရှိသော ပဲဖတ်ခွေ (၁၆) ခွေကုန်ကြောင်း၊ ပဲဖတ်တွင်လည်း မြေပဲဆံအကြီးကိုကြိတ်၍ရသော ပဲဖတ်သည် အချဉ်ပြုလုပ်ရာတွင် အရောင်ပြောင်းသောကြောင့် မြေပဲဆံအသေးကိုကြိတ်သော ကြိတ်ဖတ်များကိုသာအသုံးပြုကြောင်း သိရပါသည်။
မြေပဲဖတ် (ဆုံခွေဖတ်) များ၏အလေးချိန်ကိုမူတည်၍ ရေကိုသင့်တော်သည့်နှုန်းအတိုင်းထည့်ပြီး ဆားအနည်းငယ်ထည့်၍ ကြေမွနေအောင်မွှေကာ နေလှန်းရကြောင်း၊ စိုထိုင်းမှုရှိသေးလျှင် အထွက်နည်း၍ ခြောက်သွေ့အောင်နေလှန်းမှသာ အရောင်လှ၍ အထွက်ကောင်းသောကြောင့် (၂) ရက်၊ (၃) ရက်အထိနေလှန်းရကြောင်း၊ ဆန်ဆေးရေနှင့်ရောစပ်ရသောပဲဖတ်ချဉ်သည် ပုပ်သိုးလွယ်၊ မှိုတက်လွယ်သောကြောင့် လုပ်ငန်းရှင်အနေဖြင့် ရေနှင့်သာရောစပ်၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။
မြေပဲဖတ်တစ်ခွေစိမ်လျှင် ပဲဖတ်ချဉ် (နှမ်းဖတ်ချဉ်) (၅) ပိဿာမှ (၆) ပိဿာအထိထွက်ရှိပြီး တစ်ပိသာလျှင် ရောင်းဈေးမှာ ကျပ် (၃၂၀၀) ရှိသောကြောင့် အမြတ်အစွန်းများစွာရရှိကြောင်း၊ ရောင်းအားအနေဖြင့် တစ်နေ့လျှင် ပိဿာ (၁၀) မှ (၅၀) အထိရှိပြီး ဒေသတွင်းစားသုံးမှုရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များအထိရောင်းချရကြောင်းသိရှိရပါသည်။
မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော်လည်း တွင်ကျယ်စွာထုတ်လုပ်နိုင်သောကြောင့် ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
DOCA(မကွေး)