Main menu

အိန္ဒိယသို့တင်ပို့ရန် ဩစတြေးလျနှင့် ဘရာဇီး နိုင်ငံများ၌ ပဲစင်းငုံစမ်းသပ်စိုက်ပျိုးမည်

Powered by Drupal

အိန္ဒိယစားသုံးသူဈေးကွက်၌ ပဲစင်းငုံ၏ဝယ်လိုအားသည် ပြည်တွင်းထုတ်လုပ်နိုင်မှုထက် နှစ်ကာလကြာမြင့်စွာကပင် ကျော်လွန်မြင့်မားလျက်ရှိရာ  ဩစတြေးလျနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့ရှိ လယ်သမားများသည် အိန္ဒိယသို့တင်ပို့ရန်တွက် ပဲစင်းငုံများ စမ်းသပ်စိုက်ပျိုးမှုကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဩစတြေးလျနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Mr. Murray Watt နှင့် အိန္ဒိယနိုင်ငံဘက်မှ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ လုပ်ငန်းရှင်များအသင်း (IPGA) မှ ကိုယ်စားလှယ်များအပါအဝင် အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိများအကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မကြာသေးမီက ပြုလုပ်ခဲ့ရာတွင် ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Pulse Australia ၏ပံ့ပိုးမှုဖြင့် ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၌ ပဲစင်းငုံများ လွယ်ကူချောမွေ့စွာ စိုက်ပျိုးနိုင်ရေး IPGA အသင်းမှ ကူညီဆောင်ရွက်ပေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း  Economic Times  သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံသည် ဩစတြေးလျနိုင်ငံမှ ထွက်ရှိသည့် ကုလားပဲများကို တင်သွင်းမှုမရှိတော့သဖြင့် ဩစတြေးလျလုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယနိုင်ငံအတွက် ပဲစင်းငုံစိုက်ပျိုးသင့်သည်ဟု အကြံပြုထားကြောင်း အမည်မဖော်လိုသူ အစိုးရထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ IPGA အသင်းမှ အမှုဆောင်ကော်မတီအဖွဲ့ဝင် Mr. Satish Upadhyay က ဩစတြေးလျနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကတည်းကပင် ပဲစင်းငုံများ စမ်းသပ်စိုက်ပျိုးထုတ်လုပ်မှုကို လုပ်ဆောင်ခဲ့ပြီး အရည်အသွေး ကောင်းမွန်မှုရှိကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံဘက်မှ ပေးနိုင်သည့်ဈေးနှုန်းမှာ ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းမှု မရှိသဖြင့် ဆက်လက်စိုက်ပျိုးမှု မပြုနိုင်ခဲ့ကြောင်း၊ ယခုအခါတွင် ဩစတြေးလျ စိုက်ပျိုးထုတ်လုပ်သူများသည် အိန္ဒိယဈေးကွက်အတွက် ပဲစင်းငုံစိုက်ပျိုးရန် ပြန်လည်စတင်နေပြီဖြစ်ကြောင်း ပြောဆိုပါသည်။ သို့သော် အဆိုပါ အစပြုဆောင်ရွက်သည့် လုပ်ငန်းများ အောင်မြင်ရန်အတွက် ဩစတြေးလျကုမ္ပဏီများအနေဖြင့် အိန္ဒိယအစိုးရထံမှ ခိုင်မာသည့် ဝယ်ယူမှုအာမခံချက်များ ရယူရန်လိုအပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြပါ သည်။

အထက်တွင်ဖော်ပြခဲ့သည့် အစိုးရအရာရှိကမူ အိန္ဒိယ၏ ပဲစင်းငုံ ဝယ်လိုအားနှင့် ရောင်းလိုအားမှာ တန်ချိန် ၁၇ သိန်းခန့် လိုအပ်ချက်ဖြစ်ပေါ်နေခြင်းသည် ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူတိုင်းအတွက် ခိုင်မာသေချာသော အာမခံချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအတွက် သီးနှံအသစ်တစ်ခုဖြစ်သည့် ပဲစင်းငုံကို စိုက်ပျိုးရာတွင် လယ်သမားများအား ကူညီပံ့ပိုးပေးရန် သဘောတူညီချက်တစ်ရပ်ကို ယခုနှစ်အစောပိုင်း၌ အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံလုပ်ငန်းရှင်များအသင်းနှင့် ဘရာဇီးနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 14 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)