Main menu

အိန္ဒိယ၏ ဇွန်လ စားအုန်းဆီတင်သွင်းမှုမှာ ၃ လအတွင်း ၅၆ ရာခိုင်နှုန်းမြင့်တက်လာ

Powered by Drupal

စားအုန်းဆီအဝယ်များပြားလာစေရန် ဈေးနှုန်းများလျှော့ချလာခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ဇွန်လတွင် ၅၆ ရာခိုင်နှုန်းဖြင့် သုံးလဆက်တိုက်အတွင်း မြင့်တက်လာခဲ့ကြောင်း ဦးဆောင်ကုန်သွယ်ရေးအဖွဲ့က ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလာခဲ့မှု ကို The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

စားအုန်းဆီဈေးနှုန်းများမှာ ၂၈ လတာအတွင်း အနိမ့်ဆုံးအခြေအနေသို့ ကျဆင်းလာခဲ့ပြီးနောက် အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုမှာ မေလတွင် မက်ထရစ်တန်ချိန် ၄၃၉၁၇၃ တန်ရှိရာမှ ဇွန်လအတွင်း၌ မက်ထရစ်တန်ချိန် ၆၈၃၁၃၃ တန်အထိ မြင့်တက်လာခဲ့ကြောင်း မွန်ဘိုင်းမြို့ အခြေစိုက်အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (SEA) က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး စားသုံးဆီတင်သွင်းသည့် အိန္ဒိယ၏ ဝယ်လိုအားပြန်တက်လာခြင်းသည် မလေးရှား၏ အနာဂတ်စားအုန်းဆီဈေးကွက်ကို အထောက်အကူပြုစေကာ အဓိကထုတ်လုပ်သူများဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားတို့အတွက် ကုန်လက်ကျန်များ လျော့ကျလာစေခဲ့ပါသည်။ လွန်ခဲ့သောလများအတွင်း စားအုန်းဆီဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် ဝယ်ယူသူများအနေဖြင့် ဈေးချိုသာသော Soft Oil များကို ပြောင်းလဲဝယ်ယူလာခဲ့ကြသဖြင့် ပဲပုပ်ဆီ၊ နေကြာဆီတို့ထက် ပြည့်ဝဆီပါဝင်မှုမြင့်မားသော စားအုန်းဆီများ၏ အရောင်းအဝယ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ အစပြု၍ တင်သွင်းမှုများကျဆင်းလာခဲ့ရာ မေလအတွင်း တင်သွင်းမှုအနည်းဆုံး ဖြစ်ခဲ့သည်။

နယူးဒေလီမြို့အခြေစိုက်လုပ်ငန်းရှင်တစ်ဦးက စားအုန်းဆီမှာ တင်သွင်းမှုအနည်းဆုံး ဖြစ်ခဲ့ရာမှ လွန်ခဲ့သောရက်သတ္တပတ်များအတွင်း၌ တစ်ဖန် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့ကြောင်း၊ ပဲပုပ်ဆီနှင့် ယှဉ်ပြိုင်နိုင်ရေးနှင့် အဝယ်ပြန်ရရှိလာစေရေးတို့အတွက် ဈေးလျှော့ချ၍ ရောင်းဝယ်ခဲ့ကြောင်းဖြင့် ပြောဆိုသည်။ ဈေးနှုန်းအကဲဆတ်သော အာရှဝယ်ယူသူများအနေဖြင့် ကုန်ကျစရိတ် သက်သာမှုနှင့် တင်သွင်းချိန် မြန်ဆန်မှုတို့ကြောင့် ပုံမှန်အားဖြင့် စားအုန်းဆီကိုသာ အမှီပြုဝယ်ယူကြပါသည်။

အိန္ဒိယ၏ ပဲပုပ်ဆီတင်သွင်းမှုမှာ ဇွန်လတွင် တန်ချိန် ၄၃၇၆၅၈ အထိ ၃၇ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်းနှင့် နေကြာဆီမှာမူ မက်ထရစ်တန်ချိန် ၁၉၀၇၈၅ ဖြင့် တင်သွင်းမှု ၃၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ ဟင်းသီးဟင်းရွက်စားသုံးဆီ စုစုပေါင်းတင်သွင်းမှုမှာ မက်ထရစ်တန်ချိန် ၁.၃ သန်းအထိ ၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းဖြင့် SEA အသင်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် အဓိကအားဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ စားအုန်းဆီများကို ဝယ်ယူပြီး  အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့ထံမှ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို ဝယ်ယူတင်သွင်းလျက်ရှိပါသည်။ ယှဉ်ပြိုင်ဖက် ပဲပုပ်ဆီများထက် ဈေးလျှော့ချခဲ့မှုကြောင့် ဇူလိုင်လအတွင်း အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုမှာ တန်ချိန် ၇ သိန်း အထက်ရှိနိုင်ကြောင်းဖြင့် ကုန်သည်များက ခန့်မှန်းလျက်ရှိသည်။

Source: The Edge Malaysia, 14 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)