Main menu

ကောက်ပဲသီးနှံဆိုင်ရာသဘောတူညီချက်အား ရုရှား၏ ရပ်ဆိုင်းမှုက စားအုန်းဆီကြမ်းဈေးနှုန်း များ မြင့်တက်စေခဲ့

Powered by Drupal

ရုရှားနှင့် ယူကရိန်း နှစ်ဖက်အကြား ချုပ်ဆိုထားသော ကောက်ပဲသီးနှံဆိုင်ရာစင်္ကြံ  (Grain Corridor) သ‌ဘောတူစာချုပ်၏ သက်တမ်းကာလ မကုန်ဆုံးခင်အလိုတွင် ယူကရိန်း၏ ကောက်ပဲသီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့သည့် လူသားချင်းစာနာမှုစင်္ကြံကို တားမြစ်ရပ်ဆိုင်းရန် ရုရှား၏ အမှတ်မထင်တုံ့ပြန်ဆောင်ရွက်မှုသည် စားအုန်းဆီကြမ်း (CPO)ဈေးနှုန်းများကို မကြာသေးမီအချိန်အတွင်း မြင့်တက်လာစေနိုင်သည်ဟု ခန့်မှန်းရကြောင်း New Straits Times သတင်းဌာနက ဖော်ပြထားသည်။

ရုရှား-ယူကရိန်း Grain Corridor ကို ဖျက်သိမ်းခဲ့မှု၏ အကျိုးဆက်အဖြစ် ကမ္ဘာ့ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများအပေါ် အမှတ်မထင်ဘဲ အပြုသဘောဆောင်သော တုံ့ပြန်မှုတစ်ခုအဖြစ် မျှော်လင့်ကြောင်း၊ ယခုကာလအတွက် ပျမ်းမျှဈေးနှုန်းအနေဖြင့် တစ်တန်လျှင် ရင်းဂစ် ၃၀၀၀ မှာ အပြောင်းအလဲမရှိနိုင်ကြောင်း၊ သို့သော်လည်း ၂၀၂၄ ခုနှစ်အတွက် ဈေးနှုန်း သတ်မှတ်ယူဆချက်များအပေါ် သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် RHB သုတေသနအဖွဲ့က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့်အတိုင်း ရုရှားအနေဖြင့် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်သေးကြောင်း၊ အထူးသဖြင့် စာချုပ်ဖျက်သိမ်းခဲ့မှုကြောင့် ရုရှားအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ RHB သုတေသနအဖွဲ့၏ ပြောကြားခဲ့မှုတွင် စက်တင်ဘာလဝန်းကျင်တွင် သွင်းအားစု ပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယူကရိန်းအနေဖြင့် ၎င်း၏ထုတ်ကုန်များကို တင်သွင်းရာတွင် စင်္ကြံအပေါ်  မှီခိုမှုနည်းပါးကြောင်းဖြင့် သိရသည်။

ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံကို  စီစဉ်ကျင်းပသည့် UkrAgroconsult အဖွဲ့က ၂၀၂၃ ခုနှစ် မတ်လမှစ၍ ကောက်ပဲသီးနှံများကို Grain Corridor မှတင်ပို့သည်ထက် မြစ်ဆိပ်၊ ရထားနှင့် ကားလမ်းတို့မှတစ်ဆင့် တင်ပို့မှုမှာ များပြားခဲ့ကြောင်း၊  ၎င်း ပင်လယ်ရေကြောင်း စင်္ကြန်အပေါ် မှီခိုတင်ပို့မှုမှာ သိသိသာသာ လျော့နည်းခဲ့ကြောင်းဖြင့် ပြောဆိုပါသည်။

စက်တင်ဘာလတွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့၌ သီးနှံရိတ်သိမ်းချိန်မှာ စတင် ရောက်ရှိလာတော့မည်ဖြစ်၍ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီတို့၏ ရောင်းလိုအားအပေါ် အမှန်တကယ် ထိခိုက်မှုမရှိမီ အဆိုပါ ကောက်ပဲသီးနှံသဘောတူစာချုပ်ကို ဖြေရှင်းနိုင်ရန် အချိန်ရှိသေးကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့၏ နေကြာ စိုက်ပျိုးထုတ်လုပ်မှုပမာဏမှာ ကမ္ဘာ့နေကြာ ထွက်ရှိမှု၏ ၄၅ ရာခိုင်နှုန်း ရှိသဖြင့် အခြားဆီနှင့် ဆီထွက်သီးနှံများမှာ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း၊ ဈေးမြင့်တက်လာနိုင်မှုကြောင့် ဝယ်ယူသူများအနေဖြင့် မကြာမီရက်သတ္တပတ်များအတွင်း နေကြာဆီ ဝယ်ယူသိုလှောင်မှုများ ရှိလာနိုင်ကြောင်း၊ တင်သွင်းသောနိုင်ငံများတွင် သိုလှောင်မှုအဆင့် မြင့်မားနိုင်ကြောင်း RHB သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲအလွန် ဈေးနှုန်းကြီးမြင့်မှု၏ နောက်ဆက်တွဲအနေဖြင့် တင်သွင်းသူများ၏ မြင့်မားသော သိုလှောင်မှုအပေါ် ထိခိုက်မှုရှိပြီး ဝယ်လိုအားမှာ လျော့နည်းသွားကြောင်း၊ သို့ဖြစ်၍ ထုတ်လုပ်သူများလက်ဝယ်၌ ကုန်လက်ကျန်မှာ များပြားလာခဲ့ကြောင်းဖြင့် RHB သုတေသနအဖွဲ့က မီးမောင်းထိုးပြောကြားခဲ့သည်။

Source: New Straits Times, July 18, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)