မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၃ခုနှစ်တွင် နွေစပါး (၄၇၉၆၄) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လကုန်အထိ (၁၀၁၉၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက် နှုန်း အနေဖြင့် (၁၀၄.၀၄)တင်း၊ အထွက်စုစုပေါင်း(၁၀၆၀၂၂၅)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများ အရသိရှိရပါသည်။ နွေစပါးမျိုးကွဲအလိုက် စိုက်ပျိုးမှုအနေဖြင့် မနောသုခ (၄၈၉၀) ဧက၊ ရက်(၁၁၀) (၃၅၃၂၂)ဧက၊ ရက်(၉၀)(၄၈၁၆)ဧက၊ ရွှေသွယ်ရင်(၃၆၀)ဧကနှင့် GW-11(၂၅၇၆) ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ နွေစပါးစိုက်ပျိုးရာတွင် တိုက်ရိုက်နှင့် ကြဲပက်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ နွေစပါးကို မတ်၊ဧပြီလမှာ အများဆုံးစိုက်ပျိုးကြပြီး ဇွန်လကုန်ပိုင်းတွင် စတင်ထွက်ပေါ်ကာ ဇူလိုင်လမှာ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ဆန်စပါး စျေးကွက်အနေဖြင့် ဇွန်လတွင်ထွက်ပေါ်သော နှာကောက်၊ မူရင်း (ဒေသအခေါ်)၊ မနောသုခစပါး များမှာ စျေးကောင်းရရှိခဲ့ကြောင်း သိရှိရပါသည်။
နွေစပါးထွက်ပေါ်စတွင် စပါးတင်း (၁၀၀)လျှင် (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပြီး တောင်သူများအတွက် များစွာတွက်ချေကိုက်ခဲ့ကြောင်း၊ ယခုလက်ရှိထွက်ပေါ်နေသော ရက်(၁၁၀)၊ ရက် (၉၀)စပါးများမှာ ဒေသစားသုံးသည့် ဆန်အမျိုးအစားမဟုတ်၍ စျေးကွက်အသင့်အတင့်မှာရှိနေကြောင်း၊ ရက်(၁၁၀)၊ရက်(၉၀)စပါး တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀-၁၆၀၀၀၀၀) ကျပ်နှင့် ဆန်(၂၄)ပြည် တစ်အိတ်လျှင်(၅၅၀၀၀-၆၀၀၀၀)ကျပ်ဖြင့် မန္တလေးစျေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဒေသစားသုံးသည့် စပါး၊ ဆန်စျေးနှုန်းများမှာ စျေးကွက်ကျသွားခြင်း မရှိဘဲ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ မိုးစပါးလက်ကျန် ဆန်အဟောင်း စျေးကွက်ဖြစ်သည့်အတွက် စပါးတင်း(၁၀၀)လျှင် မဂျမ်းတော(၂၂၀၀၀၀၀/-)ကျပ်၊ မနောသုခ(၁၈၀၀၀၀၀/-)ကျပ် စျေးကွက်ရှိပြီး စပါးလက်ကျန်နည်းနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဆန်စျေးကွက်အနေဖြင့် ဆန်(၂၄)ပြည် တစ်အိတ်လျှင် မဂျမ်းတော(၉၅၀၀၀/-)ကျပ်၊ မနောသုခ (၈၀၀၀၀/-) ကျပ်ဖြင့် လက်ရှိ ရောင်းဝယ်လျက်ရှိကြောင်း စက်ပိုင်၊ ကုန်သည်၊ ပွဲစားများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)