Main menu

မုံရွာမြို့၌ ဈေးကွက်ဝင် ပန်းထိမ်မနိုင် (ခေါ်) ပန်းထိမ်ငိုပန်းများအ‌ရောင်းသွက်

Powered by Drupal

   “ပန်းထိမ်ဆရာလက်မှိုင်ချရသည်အထိ” ဟု တင်စားခေါ်ဆိုနိုင်သည့် အရောင်အသွေးစုံလင်လှသော ပန်းထိမ်ငိုပန်းသည် မြင်သူတိုင်း သဘောကျနှစ်ခြိုက်သောပန်းဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာဆောင်အခမ်းအနားများတွင် အလှဆင်သည့်ပန်းအဖြစ်လည်းကောင်း နှစ်ခြိုက်စွာအသုံးပြုကြသောပန်းဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ပန်းမန်ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး အရောင်အသွေးစုံလင်လှသော ပန်းထိမ်ငိုပန်းကိုလည်းစိုက်ပျိုးထားရှိလျက်ရှိသည်။

          ပန်းထိမ်ငိုမျိုးတွင် တစ်ထပ်ပန်းထိမ်ငို၊ နှစ်ထပ်ပန်းထိမ်ငို၊ သုံးထပ်ပန်းထိမ်ငို (ခေါ်) ဆင်စွယ်ဟူ၍သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အရောင်မှာ မရမ်းရောင်နှင့် အဖြူရောင်တို့ရှိကြသည်။ ပန်းထိမ်မနိုင်  (ခေါ်) ပန်းထိမ်ငိုပန်းစိုက်ပျိုးရန် ပြင်ဦးလွင်ပျိုးဥယျာဉ်ခြံများမှ ပန်းပျိုးဥများကိုမှာယူပြီး ပန်းထိမ်မနိုင်ပန်းဥတို့ကို သင်္ကြန်မတိုင်မီအချိန်တွင် စိုက်ပျိုးကြရသည်။ အပင်အမြင့်သည် ၁၈လက်မမှ ၂၄လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုနေသည်။ ပန်းထိမ်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခါ အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလျက်ပြီး အပူရှိန်မြင့်မားသည့်ဒေသများ၌ ပန်းထိမ်ငိုပန်းကိုစိုက်ပျိုးနိုင်ရန် အမိုးအကာပြုလုပ်၍ စိုက်ပျိုးကြသည်။

၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ တတိယအပတ်တွင် ပန်းထိမ်မနိုင်ပန်းတစ်ခက်လျှင် အနည်းဆုံး ငွေကျပ် (၈ဝ-၁၀၀) နှုန်းဖြင့် ဖောက်သည်ဈေးရောင်းချရပါကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် ပန်းဈေးကွက်တွင် အရောင်းသွက်လျက်ရှိပြီး ပန်းပေါခြင်း/ရှားခြင်းအပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)