စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပွင့်ဖြူမြို့နယ်၊ တောင်အင်းကျေးရွာ၌ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော “ဒို့ကျေးရွာ” ပဲကြော်လုပ်ငန်းရှင် ဦးချစ်မင်းဖြူနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ် လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။
ထိုသို့လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုသိရှိစေရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိစိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့်တကွ တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ပြန်ကြားပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းရှင်က ကုန်ကြမ်းအဖြစ် ပဲကြီးအခြောက်များကို ဆင်ဖြူကျွန်းမြို့မှ ဝယ်ယူရပါကြောင်း၊ ပဲကြီးအခြောက်တစ်တင်းလျှင် ကျပ် (၁၂၀၀၀၀) ဖြင့်ဝယ်ယူရပါကြောင်း၊ ပဲကြီးအခြောက်များအား တစ်ရက်ရေစိမ်ရပါကြောင်း၊ ရေစိမ်ပြီးပဲကြီးများအား အခွံချွတ်ရန်အတွက် ပဲကြီးတစ်တင်းလျှင် ချွတ်ခမှာ ကျပ် (၈၀၀၀) ပေးရပါကြောင်း၊ အခွံချွတ်ပြီးသောပဲကြီးများအား ရေဆေးပြီး ကော်မှုန့်နှင့်ရောနယ်၍ကြော်ရပါကြောင်း၊ ပဲကြီးတစ်တင်းလျှင် ဆီ (၃) ပိဿာခွဲခန့်ကုန်ကျပါကြောင်း၊ ဆီတစ်ပိဿာလျှင် ကျပ် (၈၅၀၀) ဖြင့်ဝယ်ရပါကြောင်း၊ ယခင်တွင် တစ်နေ့လျှင် (၃) တင်းခန့်ကြော်ရပါသော်လည်း ကုန်ဈေးနှုန်းအခြေအနေအရ (၂) တင်းသာကြော်ရပါကြောင်း၊ ပဲကြော်တစ်ပိဿာလျှင် ဖောက်သည်ဈေးမှာ ကျပ် (၉၀၀၀) ရရှိပါကြောင်း၊ ပဲကြီးတစ်တင်းလျှင် ပဲကြော် (၂၀) ပိဿာမှ (၂၁) ပိဿာအထိပျှမ်းမျှရရှိပါကြောင်း၊ ပဲကြီးတစ်တင်းလျှင် ကြော်ခမှာ ကျပ် (၂၀၀၀) ပေးရပါကြောင်း၊ ပဲကြော်များထည့်ရန်အတွက် အလုပ်သမားခမှာ ကျပ် (၁၂၀၀၀) မှ (၁၅၀၀၀) အထိပေးရပါကြောင်း၊ ပဲကြော်ကြော်ရန်အတွက် စပါးခွံဖိုးမှာ ကျပ် (၃၀၀၀) ခန့် ရှိပါကြောင်း၊ ပါကင်အိတ်ဖိုးနှင့် တံဆိပ်ဖိုး စသည့်အထွေထွေကုန်ကျစရိတ်မှာ ပဲကြီးတစ်တင်းလျှင် ကျပ် (၅၀၀၀) မှ (၈၀၀၀) အထိခန့်မှန်းခြေရှိနိုင်မည်ဟုသုံးသပ်မိပါကြောင်း၊ သို့ပါသောကြောင့် ပဲကြီးတစ်တင်းလျှင် ကုန်ကျစရိတ်နှုတ်ပြီး မိမိ၏အမြတ်မှာ ကျပ် (၂၀၀၀၀) ရရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် ပဲကြော်များအား ပွင့်ဖြူ၊ ရှောက်တောနှင့် လယ်ကိုင်းမှတစ်ဆင့် မင်းဘူးမြို့သို့လည်း တစ်နိုင်တစ်ပိုင်တင်ပို့ပါကြောင်း ပဲကြော်လုပ်ငန်းရှင် ဦးချစ်မင်းဖြူထံမှသိရှိခဲ့ရပါသည်။
DOCA(မကွေး)