ပခုက္ကူမြေပဲဈေးကွက်တွင် မြေပဲများစိုက်ပျိုးချိန်ရာသီဖြစ်၍ မြေပဲများဝင်ရောက်မှုနည်းပါးကြောင်းသိရှိရသည်။ ဈေးကွက်သို့ မြေပဲအတောင့်များဝင်ရောက်မှုမရှိသော်လည်း ပခုက္ကူမြို့ပေါ်ရှိ မြေပဲကုန်သည်ပွဲစားများသည် ယခင်ဝယ်ယူသိုလှောင်ထားသော မြေပဲများကိုသာ ကြိတ်ခွဲထုတ်လုပ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်) ၌ မြေပဲကြီးဆံ (ပြန့်) လက်ကားဈေးတစ်ပိဿာလျှင် ကျပ် (၆၇၀၀) မှ ကျပ် (၆၉၀၀) ရှိပြီး လက်လီဈေးမှာ ကျပ် (၇၅၀၀) မှ ကျပ် (၈၀၀၀) ဈေးရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်လျက်ရှိကြောင်း၊ မြေပဲဆုံဆီအနေဖြင့် တစ်ပိဿာလျှင် ကျပ် (၁၄၀၀၀) မှ ကျပ် (၁၅၀၀၀) အထိဈေးရှိကြောင်း သိရှိရပါသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် မြေပဲဆံများကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥလုပ်ငန်းရှင်များကဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြားနှင့် အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဇူလိုင်လ (ဒုတိယပတ်) တွင် မြေပဲဈေးကွက်ငြိမ်၍ ပြည်ပသို့တင်ပို့မှုမရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)