မြင်းခြံမြို့၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြင်းခြံခရိုင်၊ စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံမြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေး (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများမှာ တရားမဝင်သော၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းများဖြစ်သည့်အတွက် သတိပြုရှောင်ရှားကြရန်လိုအပ်ပါကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ Online မှလည်းတိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်းတိုင်ကြားနိုင်ပါကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ ကုန်သွယ်မှုသတင်းများအကြောင်း၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ ဌာန၏ Website မှာ www. doca. gov. mm ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များအပြင် စားသုံးသူများကိုယ်တိုင်ပါဝင်မှသာ ပို၍ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အားလုံးအကျိုးအတွက် ပူးပေါင်းပါဝင်ပေးကြပါရန် ဆန္ဒပြုပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အေးအေးနွဲ့ (လက်ထောက်ညွှန်ကြားရေးမှူး) က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ယခုကဲ့သို့အသိပညာများလာရောက်ဟောပြောပေးပါသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၁၀) ဦး၊ ဌာနဆိုင်ရာ (၅) ဦး၊ စုစုပေါင်း (၂၁၅) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)