စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိသောကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်းရှိ ကုန်စည်/ဝန်ဆောင်မှုအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်း သက်ဆိုင်ရာဌာန၏ထောက်ခံချက်မရှိသော စားသုံးဆီများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့နှင့် (၁၂) ရက်နေ့များတွင် စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့မဈေးရှိ မေတ္တာရှင်၊ တော်ဝင်၊ သစ္စာ၊ ဒေါ်မမကြီး၊ ဗိုလ်ဗိုလ်၊ လင်းလင်း စသည့်ဆီမျိုးစုံရောင်းဝယ်ရေးဆိုင်စုစုပေါင်း (၆) ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တံဆိပ်မပါဘဲ အလွတ်ရောင်းချသည့်ရောဆီ (ပဲဆီ+စားအုန်းဆီ) များကို စည်ပိုင်ဖြတ် (သို့မဟုတ်) ဒန်အိုးကြီးများတွင်ထည့်၍ ခွက်ချင်ဖြင့် ရောင်းချခြင်းနှင့်အတူ Goody၊ Meizan၊ Duck၊ Good Choice၊ ရွှေပျားအမှတ်တံဆိပ်များကိုရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ Meizan၊ Duck၊ ရွှေပျားဟင်းသီးဟင်းရွက်ဆီ (မြေပဲဆီ+နေကြာဆီ+အဆင့်မြင့်စားအုန်းဆီ) အမှတ်တံဆိပ်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း Good Choice၊ Goody အမှတ်တံဆိပ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိကြောင်း စစ်ဆေးတွေ့ရှိမှုအရသိရှိရပါသည်။
DOCA(စစ်ကိုင်း)