Main menu

ယင်းမာပင်ခရိုင်၏ ‌ဒေသထုတ်ကုန်ဖြစ်သော တို့ဟူးခြောက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၌ (၂၀၂၂-၂၀၂၃) ခုနှစ်၊ ကုလားပဲစိုက်ဧက (ဆောင်း) ၄၂၁၄၄၉ဧကရှိသည့်အနက် ယင်းမာပင်ခရိုင်တွင် ကုလားပဲစိုက်ဧက (ဆောင်း) တစ်သိန်းလေးသောင်းခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းများအရသိရှိရသည်။ စိုက်ပျိုးသည့်ကုလားပဲမျိုးများမှာ V2၊ V3၊ 929 နှင့် ထိုင်ဝမ်မျိုးများဖြစ်ပြီး ကုလားပဲခွဲခြမ်းနှင့် ကုလားပဲမှုန့်များပြုလုပ်ရာတွင် 929ကုလားပဲကိုသာ အများဆုံးအသုံးပြုကြောင်းသိရှိရသည်။

    ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များ၌ ကုလားပဲမှုန့်ဖြင့်ပြုလုပ်သည့် ဒေသထွက်ကုန်ဖြစ်သော မြန်မာ့ရိုးရာစားစရာတစ်မျိုးဖြစ်သည့် တို့ဟူးခြောက်မှာ နာမည်ကျော်ကြား၍ လူသိများသောစားသောက်ကုန်ဖြစ်သည်။ တို့ဟူးခြောက်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှာ ပုလဲမြို့နယ်တွင် ၁၀ဦး၊ ယင်းမာပင်မြို့နယ်တွင် ၅ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၂၀ဦး၊ စုစုပေါင်း ၃၅ဦးခန့်ရှိပြီး လွန်ခဲ့သောနှစ် (၂၀) ခန့်ကပင်  မိရိုးဖလာတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခဲ့ရာမှ ယခုကာလတွင် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ယင်းမာပင်ခရိုင်အတွင်း တို့ဟူးခြောက်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ကုလားပဲသီးနှံစိုက်ပျိုးထွက်ရှိသော်လည်း ကုလားပဲမှုန့်ကြိတ်ခွဲသည့် စက်ကြီးများမရှိသဖြင့် မုံရွာဈေးကွက်မှဝယ်ယူကြောင်းသိရှိရသည်။ တို့ဟူးခြောက်အပြင် ကြက်သွန်ခြောက်နှင့် ကန်စွန်းဥခြောက်များကိုလည်း ကုန်ကြမ်းရရှိမှုနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ထုတ်လုပ်ကြကြောင်းသိရသည်။

    တို့ဟူးခြောက်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ်အသုံးပြုသည့် ကုလားပဲမှုန့်၊ သာကူမှုန့်၊ ဟင်းခတ်မှုန့်၊ အိမ်သုံးဆားနှင့် ရေတို့ကိုအချိုးကျရောစပ်၍ ကျိုချက်ရသည်။ အရည်များစေးပစ်လာပါက စတီးလင်ပန်းပြားတွင် ခပ်ပါးပါးဖြန့်ထည့်၍ အအေးခံရသည်။ အေးပြီး အချပ်အပြားလိုက်ယူ၍ရသည့်အချိန်တွင် အချပ်အပြားလိုက်ဝါးတန်းများပေါ်တင်၍ နေလှန်းရသည်။ တစ်ရက်နေလှန်းပြီးသည့်တို့ဟူးပြားများကို စတုရန်းပုံအပြားငယ်များဖြတ်တောက်၍ ဖျာကြမ်း (သို့မဟုတ်) တာပေါ်လင်များပေါ်တင်ကာ ခြောက်သွေ့သည်အထိနေလှန်းပြီးလျှင် ရောင်းတန်းဝင်တို့ဟူးခြောက်များရရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက်ပြုလုပ်ရာတွင် ကုန်ကြမ်းကုလားပဲမှုန့် ၃ပိဿာနှင့် သာကူမှုန့်တစ်ပိဿာကျိုပါက တို့ဟူးခြောက် ၃ပိဿာ ၅၀ကျပ်သားရရှိပြီး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်ရက်လျှင် တို့ဟူးခြောက်ပိဿာ ၅၀ ပိဿာခန့်အထိရအောင် ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။

    တို့ဟူးခြောက်လုပ်ငန်းရှင်တစ်ဦးသည် တစ်ရက်လျှင် လုပ်သားအင်အား ၅ဦးမှ ၈ဦးအထိအသုံးပြုရပြီး လုပ်သားတစ်ဦး တစ်ရက်လျှင် ကျပ် (၆၀၀၀) ခန့်လုပ်အားခပေးရသည်။ ယင်းမာပင်ခရိုင်ရှိ တို့ဟူးခြောက်လုပ်ငန်းနှင့်ဆက်နွှယ်၍ လုပ်သား ၂၀၀ဦးကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ကြောင်း သိရရှိရသည်။

     တို့ဟူးခြောက်ပြားများကို ၁၀ကျပ်သား၊ ၂၀ကျပ်သားချိန်တွယ်ပြီး ပလပ်စတစ်အိတ်/ပလပ်စတစ်ဘူးများဖြင့်ထုပ်ပိုးကာ လုပ်ငန်းရှင်၏ကုန်အမှတ်တံဆိပ်ကပ်၍လည်းကောင်း၊ ပိဿာချိန် ၁၀ (သို့မဟုတ်) ၁၅ ပိဿာကို စက္ကူဂျပ်ပုံးများတွင် ပလပ်စတစ်အိတ်ကြီးများခံထည့်၍လည်းကောင်း ဒေသတွင်းနှင့် နယ်ဝေးများသို့ တင်ပို့ရောင်းချလျက်ရှိကြသည်။ ဈေးကွက်အတွင်း ရောင်းဈေးနှုန်းများမှာ ၁၀ကျပ်သားတစ်ထုပ်/တစ်ဘူးလျှင် လက်လီဈေး ၁၁၀၀ကျပ်၊ လက်ကား ၁၀၀၀ကျပ်ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက်လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီးငွေကျပ်သိန်း ၂၀ခန့်လိုအပ်ကြောင်း၊ တစ်ရက်လျှင် ရင်းနှီးငွေကျပ်၂သိန်း ၅သောင်းရင်းနှီးပါက တစ်ရက်အကျိုးအမြတ်မှာ ကျပ်တစ်သိန်းခန့်ရရှိနိုင်ကြောင်းသိရှိရသည်။ သို့သော်လည်း လုပ်ငန်းရှင်များသည် တစ်လလျှင် ပျမ်းမျှအားဖြင့် ၁၀ရက်ခန့်သာ လုပ်ငန်းများကိုလုပ်ကိုင်ကြပြီး ဒေသတွင်း/တိုင်းတွင်းနှင့် တိုင်းပြင်ပမှ အမှာစာရရှိပါက ပိုမိုထုတ်လုပ်ကြကြောင်းသိရှိရသည်။

    ယင်းမာပင်ခရိုင်အတွင်းရှိ တို့ဟူးခြောက်လုပ်ငန်းရှင်များသည် တို့ဟူးခြောက်လုပ်ငန်းကို  စီးပွားဖြစ်သီးသန့်ထုတ်လုပ်ခြင်းများရှိသကဲ့သို့ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်လုပ်ကိုင်ခြင်းများဖြစ်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလျက်ရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက်လုပ်ငန်းရှင်အများစုသည် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာအစိုးဌာနများသို့တင်ပြ၍ ခွင့်ပြုချက်ရယူပြီးကြောင်း သိရှိရပါသည်။

  ယင်းမာပင်ခရိုင်၏ တို့ဟူးခြောက်လုပ်ငန်းများကို ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး( One Region၊ One Product) အဖြစ် သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများက လိုအပ်သောအရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များကို ချိတ်ဆက်ဖော်ဆောင်ပံ့ပိုးပေးနိုင်မည်ဆိုပါက ဒေသတွင်းတို့ဟူးခြောက်လုပ်ငန်းများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)