Main menu

ကန့်ဘလူမြို့တွင် ငှက်ပျောစိုက်သူများအဆင်ပြေလျက်ရှိ

Powered by Drupal

    ငှက်ပျောသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးပွဲများ၊ မင်္ဂလာဆောင်များ၊ သာသနာပွဲများတွင် မပါမဖြစ်အရေးကြီးသော အသီးတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ငှက်ပျောသီးကို လူမျိုးဘာသာမရွေးစားသုံးကြပြီး “အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့်အတိုင်း ငှက်ပျောသီးသည် လူတို့အတွက် အာဟာရဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ခုဖြစ်ပါသည်။

    လူတို့အတွက် အသုံးဝင်လှသောငှက်ပျောပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ကန့်ဘလူမြို့ရှိ ဦးမိုး၏ ငှက်ပျောခြံသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ငှက်ပျောခြံကို ၂၀၁၇ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး အပင်ရေ ၂၅၀ပင်စိုက်ပျိုးထားရှိသည်။ မြန်မာနိုင်ငံ၌ ထင်ရှားသောငှက်ပျောမျိုးများအနက် “ဖီးကြမ်း” မျိုးကိုစိုက်ပျိုးထားကြောင်း သိရသည်။

    ငှက်ပျောပင်သည် ၈ပေမှ ၁၅ပေအထိမြင့်သော တစ်နှစ်ခံပင်မျိုးဖြစ်ပြီး ငှက်ပျောပင်တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကိုခုတ်ယူပြီးနောက် အပင်မကြီးကိုခုတ်ပစ်ရသည်။ ငှက်ပျောပင်စည်ရင်းမှ သားတက်ငယ်များထွက်လာ၍ ထိုသားတက်များကို ပင်မမှခွဲထုတ်၍ စိုက်ပျိုးခြင်းဖြင့် ငှက်ပျောပင်များကိုမျိုးပွားယူကြသည်။  ငှက်ပျောပင်သည် ၁၂လမှ ၁၈လအရွယ်ရောက်လျှင် ငှက်ပျောဖူးစ၍ထွက်လာသည်။ ထိုငှက်ပျောဖူးတွင် အပွင့်ခိုင်ကလေးများကို  ဖုံးကွယ်ထားသောခရမ်းရင့်ရောင်အဖတ်များဖြင့် အထပ်ထပ်ဖုံးနေသည်ကိုတွေ့ရသည်။ ဦးစွာထွက်လာသောအပွင့်များသာ အောင်မြင်သောအသီးများဖြစ်လာကြသည်။ နောက်မှထွက်သည့်အပွင့်ခိုင်များမှာ ကြာလျှင် ရိရော်၍ ပျက်စီးသွားကြသည်။  ငှက်ပျောမျိုးကိုလိုက်၍ ငှက်ပျောတစ်ခိုင်တွင် အဖီး ၉ဖီးပါ၍ တစ်ဖီးလျှင် အသီး ၁၀လုံးမှ ၁၅လုံးအထိရှိကြောင်း သိရသည်။

  ငှက်ပျောသီးကို မှည့်အောင်ပြုလုပ်၍ ငှက်ပျောပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောခြောက်နှင့် အခြားသောမုန့်မျိုးစုံတွင်လည်း ငှက်ပျောသီးကိုထည့်သွင်းအသုံးပြုကြသည်။ ယခုအခါ ခြံမှထွက်ရှိသော “ဖီးကြမ်း” ငှက်ပျောသီးများကို သဘာဝအတိုင်း မှည့်အောင်ပြုလုပ်၍သော်လည်းကောင်း၊ အစိမ်းအတိုင်းသော်လည်းကောင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည်။ “ဖီးကြမ်း” ငှက်ပျောသီးအစိမ်း (၁) ဖီးလျှင် ၇၀၀ကျပ်၊ အမှည့် (၁) ဖီးလျှင် ၁၀၀၀ကျပ်နှင့် အဖီးလှလျှင် ၂၀၀၀ကျပ်အထိရောင်းချရသည်။ ငှက်ပျောသီးသည် တစ်နှစ်ပတ်လုံးထွက်ရှိရာ မိုးရာသီတွင် အသီးများပိုမိုထွက်ရှိသောကြောင့် လစဉ် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခြံပိုင်ရှင် ဦးမိုးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)