စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးအောက်ရှိ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် နောင်ပကျစ်ရပ်ကွက်ရှိ ဆီးဖျော်ရည်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင် ဒေါ်လှခင်ထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမေးမြန်းရာတွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူစားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ဆီးဖျော်ရည်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင် ဒေါ်လှခင်ကလည်း ယခုလသည် ရာသီဥတုပူပြင်းသည့်အတွက် မိမိ၏ဆိုင်တွင် တစ်ရက်လျှင် ဆီးဖျော်ရည်ဘူး (၃၀) ဘူးခန့်ရောင်းချရလျက်ရှိပါကြောင်း၊ ဆီးဖျော်ရည်တစ်ဘူးလျှင် (၃၀၀၀) ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါကြောင်း၊ ဟုမ္မလင်းမြို့ပေါ်တွင် ဆီးဖျော်ရည်ရောင်းချသည့် ဆိုင်အရေအတွက် (၃) ဆိုင်ခန့်ရှိပါကြောင်း၊ နွေရာသီကာလတွင် အရောင်းသွက်ပြီး ကျန်ကာလများ၌ အနည်းငယ်သာရောင်းချရပြီး ဆောင်းရာသီတွင် တစ်ရက်လျှင် (၁၀) ဘူးခန့်သာရောင်းချရပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဆီးသီးမှုန့်နှင့် သကြားများကို မုံရွာမြို့မှ မှာယူတင်သွင်းရပါကြောင်း၊ သကြားတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဆီးသီးမှုန့်တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ထင်းတစ်တန်လျှင် (၅၀၀၀၀) ကျပ်ဈေးနှုန်းဖြင့်ဝယ်ယူ၍ ဆီးဖျော်ရည်များပြုလုပ်ရောင်းချလျက်ရှိပါကြောင်း၊ မိမိတို့ပြုလုပ်သည့်ဆီးဖျော်ရည်မှာ ဒေါ်လှခင်အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ဆီးဖျော်ရည်ပုလင်းများကို ဒေသတွင်းသာအဓိကရောင်းချလျက်ရှိပြီး ရံဖန်ရံခါတွင် ခရီးသွားပြည်သူများက လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများလည်းရှိပါကြောင်း၊ မိသားစုအင်အားဖြင့်သာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး စားဝတ်နေရေးဖူလုံရုံသာရောင်းချလျက်ရှိပါကြောင်း၊ မိမိတို့ပြုလုပ်သည့်ဆီးဖျော်ရည်သည် ဓာတုဆေးဝါးများအသုံးပြု၍ ထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ သဘာဝအရသာဖြင့် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ကာ ရောင်းချလျက်ရှိပါကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(စစ်ကိုင်း)