Main menu

ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၂၀ အထိ ဈေးနှုန်းလျှော့ချတင်ပို့ရန် ရုရှားအစိုးရက စီစဉ်လျက်ရှိ

Powered by Drupal

ရုရှားနိုင်ငံသည် ရေနံစိမ်းတစ်စည်လျှင် ၂၅ ဒေါ်လာဈေးနှုန်းဖြင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာမှ ဒေါ်လာ ၂၀ အထိ ဈေးနှုန်းလျှော့ချရန်အတွက် အခွန်ကောက်ခံမှုကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်မှုကြောင့် ရုရှား၏ရေနံစိမ်းတင်ပို့မှုအား ရေနံတစ်စည်လျှင် ဒေါ်လာ ၆၀ ဈေးနှုန်းထက် မပိုစေရေးနှင့် ဥရောပသမဂ္ဂသို့ ရုရှားရေနံတင်သွင်းမှုကို တားမြစ်ပိတ်ပင်ရေးတို့အပါအဝင် ရုရှားနိုင်ငံအပေါ် စီးပွား‌ရေး ပိတ်ဆို့မှုများကို အနောက်နိုင်ငံများက ချမှတ်ထားခြင်းက ရုရှားနိုင်ငံ၏ ရေနံတင်ပို့ရောင်းချမှု အခွန်စနစ်ကို ပြောင်းလဲမှု ဖြစ်ပေါ် စေခဲ့သည်။ ရုရှားနိုင်ငံမှ အဓိကထုတ်လုပ်သည့် Urals blend ရေနံစိမ်းအား တင်ပို့ရာ၌ အခွန်တွက်ချက်ကောက်ခံမှုကို နှုန်းထားလျှော့ချနိုင်မည့် ဥပဒေပြဋ္ဌာန်းချက်အား  ရုရှားနိုင်ငံသမ္မတ Vladimir Putin က ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် လက်ရှိကာလ၌ Brent ရေနံစိမ်းတစ်စည်လျှင် ၂၅ ဒေါ်လာနှုန်းဖြင့် ဈေးလျှော့ချ တင်ပို့လျက်ရှိရာမှ ဒေါ်လာ ၂၀ အထိ ထပ်မံဈေးလျှော့ရန် စီစဉ်နေကြောင်း၊ ‌ရေနံတင်ပို့မှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားတွက်ချက်မှုကို ကောင်းမွန်စေရန် လိုအပ်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းဖြင့် ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov က ဇူလိုင်လ ၂၅ ရက်၊ အင်္ဂါနေ့၌ မော်စကိုအခြေစိုက် Argumenty i Fakty သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိရေနံစိမ်းဈေးနှုန်းမှာ Brent crude တစ်စည်လျှင် ဒေါ်လာ ၈၀ ခန့်ရှိနေချိန်၌ ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ အခွန်ကောက်ခံရရှိမှုမှာ ရူဘယ်ငွေ ၈ ထရီလီယံ (ဒေါ်လာ ၈၈.၅ ဘီလီ ယံခန့်) ရှိကြောင်း၊ နှစ်အလိုက် နှိုင်းယှဉ်ပါက ပထမ ၆ လတာအတွင်း ယင်းကဏ္ဍမှ အခွန်ငွေရရှိမှုသည် ၄၇% လျော့ကျခဲ့ကြောင်း၊ အစိုးရ၏ Urals crude ရေနံစိမ်းဈေးနှုန်းများ လျှော့ချမှုနှင့် သဘာဝဓာတ်ငွေ့လျော့နည်းတင်ပို့မှုတို့က အခွန် လျော့နည်းစေခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်ကုန်တွင် ဘတ်ဂျက်လိုငွေဖြစ်ပေါ်မှုသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂% မှ ၂.၅% ခန့် ရှိနိုင်ကြောင်း၊ သို့ရာတွင် စီစဉ်ထားရှိသည့် အသုံးစရိတ်များကို ကျခံနိုင်ရန်အတွက် လုံလောက် သည့် အရင်းအမြစ်များရှိကြောင်း ဖြင့် Siluanov က ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု၊ ရုရှားသို့ ဆက်သွယ်ဆောင်ရွက်သည့် ငွေကြေးဈေးကွက်အများပြား ပိတ်သိမ်းမှုတို့နှင့်အတူ ယူကရိန်းနှင့် ဖြစ်ပွားလျက်ရှိသော စစ်ပွဲဆင်နွဲခြင်းအတွက် အသုံးစရိတ်များစွာ သုံးစွဲရခြင်းက ရုရှားနိုင်ငံ၏ ဘဏ္ဍာတိုက်ကို လျော့ပါးမှုဖြစ်ပေါ်စေလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

Source: Jakarta Post, 25 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)