Main menu

စားနပ်ရိက္ခာဖူလုံမှု ခိုင်မာစေရန် ဆန်လုပ်ငန်းရှင်များသို့ ဗီယက်နမ်အစိုးရက တိုက်တွန်း

Powered by Drupal

ကမ္ဘာ့ဆန်ဈေးကွက်အပေါ် သိသာစွာ သက်ရောက်မှုရှိမည့် အိန္ဒိယ၏ ဆန်တင်ပို့မှုအား တားမြစ်ကန့်သတ်ချက် ထုတ်ပြန်ခဲ့အပြီးတွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စားနပ်ရိက္ခာဖူလုံမှု သေချာခိုင်မာရှိစေရေး ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပို့ကုန်သွင်းကုန်ဌာနက ဆန်တင်ပို့သူများအား တိုက်တွန်းခဲ့ပါသည်။

ပြည်တွင်းဈေးကွက်တွင် ဆန်ဝယ်ယူမှုတိုးမြှင့်ရန်၊ ဆန်လည်ပတ်စီးဆင်းမှုအတွက် အနည်းဆုံးထားရှိရန် လိုအပ်သောအရန်ဆန်ပမာဏကို ထိန်းသိမ်းထားရှိရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပတင်ပို့မှုနှင့်ပြည်တွင်းစားသုံးမှု တို့အကြား ဟန်ချက်ညီမျှမှုရှိအောင် ဆောင်ရွက်ရန် ဗီယက်နမ်စားနပ်ရိက္ခာအသင်းနှင့် ဆန်တင်ပို့သူများအား ဗီယက်နမ်အစိုးရက အကြံပြုထားသည်။

လုပ်ငန်းဆောင်ရွက်ဆဲတင်ပို့မှုများ သို့မဟုတ် အစိုးရချင်း ညှိနှိုင်းထားသည့်ကိစ္စရပ်များမှလွဲ၍ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုကို ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ တားမြစ်လိုက်ကြောင်း အိန္ဒိယအစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံးကလည်း အိန္ဒိယမှဆန်ကို ဝယ်ယူတင်သွင်းနေသော ဗီယက်နမ်ကုန်သည်များအား ၎င်းတို့ထံ ကုန်စည်ပေးပို့ရောက်ရှိမှု အခြေအနေကို စစ်ဆေးရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ် မေလတွင် အိန္ဒိယမှ ဆန်တန်ချိန် ၁၀၁၀၀၀ ခန့်ကို စံချိန်တင် ဝယ်ယူတင်သွင်းခဲ့ရာ ၂၀၂၂ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၅၆.၆၄% တိုးမြင့်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်၏ အိန္ဒိယဆန်များ တင်သွင်းမှုမှာ တန်ချိန် ၃၆၇၅၀၀ ရှိပြီး ယခင်နှစ်ကာလတူထက် ၃၁.၇၆% တိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွက် ဗီယက်နမ်သည် အိန္ဒိယနိုင်ငံထံမှ ဆန် ဝယ်ယူတင်သွင်းမှု အများဆုံးနိုင်ငံများအနက် အဆင့် ၈ ၌ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် တန်ချိန် ၄.၂ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံရှိကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၂၁%၊ တန်ဖိုးအားဖြင့် ၃၂% တိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။ လက်ရှိဈေးကွက်အခြေအနေအရ ယခုနှစ်အတွင်း ဆန်တန်ချိန် ၇.၂ သန်း တင်ပို့လျက် တန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဘီလီယံကျော် ရရှိရန် ဗီယက်နမ်နိုင်ငံ၏ ဆန်ပို့ကုန်လျာထားချက်မှာ စံချိန်တင်ပြည့်မီနိုင်သည့် အခြေအနေရှိနေပြီဖြစ်သည်။

အိန္ဒိယ၏ ဆန်တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ထပ်မံမြင့်တက်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေသော်လည်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့နှင့်အတူ တတိယမြောက် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ရောင်းချသော နိုင်ငံ ဖြစ်သည့် ဗီယက်နမ်အတွက် သိသာထင်ရှားသော အခွင့်အလမ်းများ ဖော်ဆောင်ပေးနေကြောင်း ဈေးကွက်လေ့လာသူများက ပြောဆိုလျက်ရှိကြသည်။

စိုက်ပျိုးရေးပညာရှင် Võ Tòng Xuân က ဗီယက်နမ်အနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဆန်တင်ပို့မှုမြှင့်တင်နိုင်မည့် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ် ရရှိထားကြောင်း၊ ပထမနှစ်ဝက်တွင် ဆန်တစ်တန် ပျမ်းမျှဈေးနှုန်းသည် ၁၁ ရာခိုင်နှုန်း မြင့်တက်လျက် ဒေါ်လာ ၅၃၉ သို့ ရောက်ရှိခဲ့ကြောင်း၊ ဆက်လက်၍ ဒေါ်လာ ၆၀၀ မှ ၇၀၀ အထိ ရောက်ရှိလာနိုင်ကြောင်း ပြောဆိုသည်။ ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ ဒုတိယဥက္ကဌ Đỗ Hà Nam ကလည်း လာမည့်ကာလတွင် ဆန်ဈေးသည် ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ တားမြစ်ကန့်သတ်ချက်က ဗီယက်နမ်ဈေးကွက်တွင် ရောင်းလိုအားဖိစီးမှုဖြစ်စေပြီး ဆန်မွှေး အမျိုးအစားများစွာ၏ ဈေးနှုန်းများမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင်ငွေ (VND) ၈၀၀၀ ကျော် တိုးမြင့်လာကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို အာမခံရန်မှာ ထိပ်တန်းဦးစားပေးဖြစ်နေဆဲ ဖြစ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနလက်အောက်ရှိ စိုက်ခင်းဌာနမှ ညွှန်ကြားရေးမှူး Nguyễn Như Cường က ပြောဆိုသည်။ ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအားမှာ ပုံမှန်အခြေအနေတွင်ရှိသဖြင့် ဆန်ဈေးနှုန်းများ ရုတ်တရက်မြင့်တက်လာမည် မဟုတ်ကြောင်း၊ ပို့ကုန်အခွင့်အလမ်းများ ဆုံးရှုံးမှုမဖြစ်ပေါ် စေပဲ စားနပ်ရိက္ခာဖူလုံမှုရှိစေရန် အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက အချိန်မီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  စာရင်းများအရ မေလအထိ ဆန်တန်ချိန် ၁၇ သန်းကျော် ရိတ်သိမ်းထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၀.၇% ပိုမိုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆန်တင်ပို့သူများသည် ၂၀၀၈ ခုနှစ်၌ကဲ့သို့ ဆန်တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ကျော်အထိ မြင့်တက်လာသည့် အခြေအနေကို ထည့်သွင်းစဉ်းစားသင့်ပြီး သင့်လျော်သော လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ရေးဆွဲထားရှိရန်နှင့် အရန်ဆန်မရှိပါက လုပ်ငန်းရှင်များအနေဖြင့် စေ့စပ်ညှိနှိုင်းခြင်းနှင့် စာချုပ်များချုပ်ဆိုရာတွင် သတိထားဆောင်ရွက်သင့်သည်ဟုလည်း Cường က ဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၄၃ သန်း ရိတ်သိမ်းရရှိရန် မျှော်မှန်းထားရာ စားနပ်ရိက္ခာ၊ မွေးမြူရေး၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရန်ဆန်တို့အတွက် ဖြည့်ဆည်းပေးရန် လုံလောက်မှုရှိပြီး ဆန်တန်ချိန် ၆.၅ သန်းမှ ၆.၆ သန်းခန့်ကို ပြည်ပတင်ပို့နိုင်မည်ဖြစ်သည်။

ဗီယက်နမ်သည် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် တတိယမြောက်နိုင်ငံ ဖြစ်သော်လည်း ထုတ်လုပ်မှုနည်းစနစ်များ ပြုပြင်ပြောင်းလဲရန်အတွက် အိန္ဒိယထံမှ တစ်နှစ်လျှင် ပျမ်းမျှ ဆန်တန်ချိန် ၁ သန်းခန့် တင်သွင်းရန် လိုအပ်လျက်ရှိကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်တွင် ဆန်ရောင်းချမှုနှင့် လည်ပတ်မှုတို့မှ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြည်တွင်းနှင့် ကမ္ဘာ့ဆန်ဈေးကွက်အား အနီးကပ်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြထားသည်။

Source: Vietnam News, 25 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)