မလေးရှားနိုင်ငံအခြေစိုက် RHB သုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ စားအုန်းဆီထုတ်လုပ်မှုလုပ်ငန်းအပေါ် သက်ရောက်မှုများသည် လာမည့်နှစ်များတွင် ဖြစ်ပေါ်နိုင်ပြီး စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ရင်းဂစ်ငွေ ၃၉၀၀ နှင့် ၂၀၂၅ ခုနှစ်၌ တစ်တန်လျှင် ရင်းဂစ်ငွေ ၃၈၀၀ ခန့်သို့ မြင့်တက်ဖွယ်ရှိကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြခဲ့သည်။
သုတေသနဆန်းစစ်သူများဖြစ်သည့် Hoe Lee Leng နှင့် Syahril Hanafiah တို့က အယ်လ်နီညိုဖြစ်စဉ်သည် အားအသင့်အတင့်သာရှိပါက စားအုန်းဆီကြမ်း ထုတ်လုပ်ပေးသွင်းနိုင်မှုအပေါ် သိသာစွာထိခိုက်မည် မဟုတ်သော်လည်း ဝယ်လိုအား နည်းပါးခြင်းက ဈေးနှုန်းများအပေါ် ဖိစီးမှုဖြစ်စေနိုင်ကြောင်း၊ အယ်လ်နီညို၏ သက်ရောက်မှုမှာ လာမည့် ၂၀၂၄ ခုနှစ် မေလနှင့် ဇွန်လတို့မှသာ အစပြုမြင်တွေ့လာနိုင်သဖြင့် ပထမနှစ်ဝက်ကာလထက် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်ကာလတွင် ဈေးနှုန်းများ ကြီးမြင့်လာနိုင်ကြောင်းဖြင့် ဇူလိုင်လ ၂၄ ရက်၊ တနင်္လာနေ့တွင် ရှင်းလင်းပြောဆိုခဲ့သည်။
အယ်လ်နီညိုတရိပ်ရိပ် ဖြစ်ပေါ်လာမှုကြောင့် ဈေးနှုန်းအတက်အကျကို ခန့်မှန်းပါက စိုက်ပျိုးမှုကဏ္ဍအပေါ်တွင် လျော့နည်းမှုများဖြစ်ပေါ်လာနိုင်သည့်အပြင် ရုရှား-ယူကရိန်းပဋိပက္ခနှင့် Grain Corridor ဖျက်သိမ်းခဲ့မှုတို့ကြောင့် ဖြစ်ပေါ်လာမည့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာအန္တရာယ်များ ပို၍များပြားလာနိုင်ချေရှိပါသည်။ သို့သော်လည်း လတ်တလောအခြေအနေအရ နှိုင်းယှဉ်ကြည့်ပါက ပုံမှန်ဖြစ်ပါကြောင်း၊ ဝယ်လိုအားမှာလည်း တည်ငြိမ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် သိုလှောင်မှုနှင့် အသုံးပြုမှု၏ အချိုးကို ခန့်မှန်းမည်ဆိုလျှင် နှစ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သော ပျမ်းမျှနှုန်းများထက် ပိုပိုသာသာဖြစ်နိုင်ကြောင်း၊ CPO ဈေးနှုန်းများသည် စိုက်ပျိုးသူများအတွက် သိသာထင်ရှားစွာ ဝင်ငွေကွာဟမှုဖြစ်စေနိုင်သည့် ၂၀% အထက်သို့ မြင့်တက်လာစေရန်မှာ အားကောင်းသော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်ရန်လိုပါကြောင်းနှင့် အကယ်၍ အယ်လ်နီညိုဖြစ်စဉ် ပြင်းထန်လာပါက ဈေးနှုန်းခန့်မှန်းချက်များအပေါ် ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်းဖြင့် သုတေသနဆန်းစစ်သူနှစ်ဦး က ပြောကြားခဲ့သည်။
သုတေသနဆန်းစစ်သူများသည် အပြုသဘောဆောင်သော ကုန်သွယ်မှုမဟာဗျူဟာကို ထိန်းသိမ်းထားရှိလျက် ၂၀၂၄ ခုနှစ်တွင် CPO ဈေးနှုန်း ကြီးမြင့်ခြင်းမှာ အစုစပ်ပိုင်လုပ်ငန်းရှင်များထက် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်များအတွက် ပို၍ အကျိုးအမြတ် ဖြစ်စေရေး ရှေးရှုရမည်ဟု ယူဆထားသည်။
အစုစပ်ပိုင်လုပ်ငန်းရှင်များသည် ငွေကြေးပိုင်းဆိုင်ရာအခြေခိုင်သည့်အပြင် ပုံသေအမြတ် ဝေစုခွဲဝေနိုင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ အခွန်စနစ်နှင့်နိမ့်ကျသည့် ငွေကြေးလဲလှယ်မှုနှုန်းတို့ကြောင့် အမှန်တကယ် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အကျိုးအမြတ်ကို ညီတူညီမျှ မရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ အင်ဒိုနီးရှားရှိ စိုက်ပျိုးထုတ်လုပ်သူများသည် မလေးရှားရှိ စိုက်ပျိုးသူများကဲ့သို့ အကျိုးအမြတ် ခံစားရနိုင်မည် မဟုတ်ကြောင်း သိရသည်။
Source: The Edge Malaysia, 25 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)