တောင်ငူမြို့၊ ညောင်ပင်ဈေးသည် အနီးတဝိုက်ကျေးရွာများရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များလာရောက်ရောင်းချသူများပေါများသောဈေးအဖြစ် ဒေသတွင်းနာမည်ရသော ဈေးတစ်ခုဖြစ်ပါသည်။ တောင်ငူမြို့နယ်အတွင်းရှိ ဈေးအသီးသီးမှ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်များကိုလာရောက်ဝယ်ယူကာ ပြန်လည်ရောင်းချကြပါသည်။
တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းအနီးရှိ ကျေးရွာများမှ ဟင်းသီးဟင်းရွက်များစိုက်ပျိုးဖြစ်ထွန်းသောကြောင့် ယင်းကျေးရွာများမှ ရာသီအလိုက်ပေါ်သောဟင်းသီးဟင်းရွက်များအား စိုက်ပျိုးသူများကိုယ်တိုင်လာရောက်ရောင်းချသော နံနက်စောစောအချိန်တွင် အသီးအရွက်များမှာ ဈေးနှုန်းချိုသာလှပါသည်။
ညောင်ပင်ဈေးရှိ ရာသီပေါ်ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ ဗုံလုံသီး (၇) တောင့်ခန့်ပါ တစ်စည်းလျှင် (၇၀၀) ကျပ်၊ ချဉ်ပေါင်ရွက်လက်တစ်ဆုပ်စာတစ်စည်းလျှင် (၅၀) ကျပ်၊ ဆလပ်ရွက် (၁) စည်းလျှင် (၁၀၀) ကျပ်၊ မွှထားသောမျှစ် (၁) ပိဿာလျှင် (၂၆၀၀) ကျပ်နှင့် ပဲတောင့်ရှည်အတောင့် (၃၀) နှင့် (၄၀) ခန့်ပါ တစ်စည်းလျှင် (၅၀၀) ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။
DOCA(ပဲခူး)