ပဲခူးတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧကအနေဖြင့် (၂၀၀၀)ကျော်တွင် တောင်ငူခရိုင်၌ စိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တောင်ငူခရိုင်နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း ၊သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ (၅၈၇၇)ဧကခန့်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့်( ၃၁၃ )ပိဿာခန့် ထွက်ရှိကြောင်း၊ ကွမ်းသီး ဈေးကွက်အနေဖြင့် တောင်ငူခရိုင်မှထွက်ရှိသော ကွမ်းသီးများသာမက သံတောင်ကြီးဒေသမှ ထွက်ရှိသော ကွမ်းသီးများသည်လည်း တောင်ငူမြို့ရှိပွဲရုံများသို့ အဓိကတင်သွင်းပြီး တောင်ငူမြို့မှတစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ အသီးသီးတင်ပို့ရောင်းချကြောင်းနှင့် ယခင်နှစ်တွင် သံတောင်ကြီး ဒေသမှ တောင်ငူပွဲရုံရောက် ဈေးနှုန်းမှာ ကွမ်းသီးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ် ရှိခဲ့ပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသမှ တောင်ငူပွဲရုံရောက်ဈေးနှုန်းမှာ ကွမ်းသီးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ဈေးမြင့်တက်လာရခြင်းမှာ သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်း၊ လုပ်သားခများမြင့်တက်လာခြင်း၊ အခြားကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် ပွဲရုံများမှ တောင်သူများတွက်ချေကိုက်သည့် ဈေးနှုန်းများဖြင့် တိုးမြှင့်ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)