တောင်ငူမြို့သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါဒေသမှ ဝင်ရောက်လာသောနာနတ်သီးများကို ကျောက်စိမ်းသီးဟုခေါ်ပါသည်။ အလုံးအလတ်နှင့် အကြီးများသာပါပြီး အလုံးသေးမှာ အနည်းငယ်သာပါပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တအပတ်) တွင် အလုံးလတ်တစ်လုံးလျှင် ၁၃၀၀ကျပ်ပေးရပြီး ၁၀လုံးနှင့်အထက်ယူပါက တစ်လုံးလျှင် ၁၁၀၀ကျပ်အထိဈေးလျှော့ပေးပါသည်။ အလုံးကြီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်ရှိပြီး ၁၀လုံးနှင့်အထက် မှာယူပါက တစ်လုံးလျှင် ၁၃၀၀ကျပ်ဖြင့်ရောင်းချပါသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီး၊ မင်းကွတ်သီးစိုက်ပျိုးသူများကလည်း ဒူးရင်းသီး၊ မင်းကွတ်သီးများကို ကားများဖြင့်တင်၍ တောင်ငူမြို့သို့ တိုက်ရိုက်လာရောက်ရောင်းချကြပါသည်။ စိုက်ပျိုးသူများကိုယ်တိုင်လာရောက်ရောင်းချသည့် ဒူးရင်းသီး၊ မင်းကွတ်သီးများမှာ တစ်ဆင့်ခံဒိုင်များမှ ဝယ်ယူသည့်ဈေးထက် သက်သာပါသည်။
စိုက်ပျိုးသူများကိုယ်တိုင် တိုက်ရိုက်လာရောက်ရောင်းချသည့်ဒူးရင်းသီးမှာ အလုံးသေးတစ်လုံးလျှင် ယခုအပတ်တွင် ၃၀၀၀ကျပ်၊ နှစ်လုံးယူလျှင် ၅၀၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၅၀၀၀ကျပ်၊ နှစ်လုံးယူလျှင် ၈၀၀၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၇၀၀၀ကျပ်နှင့် သုံးလုံးယူလျှင် ၂၀၀၀၀ကျပ်တို့ဖြင့် ရောင်းချကြပါသည်။
စိုက်ပျိုးသူများကိုယ်တိုင် တိုက်ရိုက်လာရောက်ရောင်းချသည့်မင်းကွတ်သီးမှာ ယခုအပတ်တွင် အလုံးသေး၁၀လုံးလျှင် ၂၀၀၀ကျပ်၊ အလုံးလတ်၁၀လုံးလျှင် ၃၀၀၀ကျပ်နှင့် အလုံးကြီး၁၀လုံးလျှင် ၄၀၀၀ ကျပ်တို့ဖြင့် အလုံးအသေး/အကြီးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားပါသည်။ အိမ်စားသူများသည် စိုက်ပျိုးသူတို့ကိုယ်တိုင် လာရောက်ရောင်းချသည့်အသီးများကို ပြန်ရောင်းချသည့်ဈေးသည်များထက် ပိုမိုဝယ်ယူကြကြောင်းသိရပါသည်။
DOCA(ပဲခူး)