Main menu

ဖြူးမြို့၊ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဖြူးမြို့ နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့တွင် ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် ဖြူးမြို့၊ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူ ၅၈ဦးကိုလည်းကောင်း၊ ဇူလိုင်လ ၂၁ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ ညောင်ကားယား၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ ၁၄၆ဦးကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ပေးနေမှုများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားကိုဖတ်ရှုရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာဆောင်ရွက်ရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကိုဟောပြောဆွေးနွေးခဲ့ပါသည်။

              ထို့တူ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများကိုဟောပြောခဲ့ကြောင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)