တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင် သီးမွှေးငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျောသီးများမှာ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ သီးမွှေးငှက်ပျောသီးများကို ကျွဲပွဲမြို့၏ အနောက်ဘက် ၁၀မိုင်ခန့်အကွာတွင်ရှိသော ပဲခူးရိုးမတောင်ပေါ်ကျေးရွာများရှိ တောင်ယာစိုက်ခင်းများတွင်စိုက်ပျိုးပါသည်။
ကျွဲပွဲမြို့သည် ပဲခူးရိုးမတောင်ပေါ်ရှိ ငှက်ပျောသီးစိုက်ခင်းနှင့်အနီးဆုံးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလည်းကောင်းမွန်သဖြင့် ငှက်ပျောသီးသယ်ယူရာတွင်အဆင်ပြေပါသည်။ တောင်ပေါ်မှသီးမွှေးငှက်ပျောသီးများကို အထမ်းသမားများဖြင့် တောင်ခြေအထိသယ်ပြီး တောင်ခြေမှ ကျွဲပွဲမြို့သို့ ဆိုင်ကယ်ကယ်ရီများဖြင့်သယ်ယူပါသည်။
ဖီးကြမ်းငှက်ပျောသီးကိုမူ မြေပြန့်ဒေသတွင်သာစိုက်ပျိုးကြပါသည်။ ကျွဲပွဲမြို့၊ ပတ်ဝန်းကျင်ကျေးရွာများရှိ ငှက်ပျောခြံများမှ ဖီးကြမ်းငှက်ပျောသီးများကို ကျွဲပွဲမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပါသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တအပတ်) တွင်ဖြစ်ပေါ်နေသော ငှက်ပျောသီးဈေးနှုန်းများမှာ သီးမွှေးငှက်ပျောသီးအဖီးကြီးတစ်ဖီးလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ်အထိရှိပြီး အဖီးသေးတစ်ဖီးလျှင် ၁၂၀၀ကျပ်ရှိပါသည်။ ဖီးကြမ်းငှက်ပျောသီးမှာ တစ်ဖီးလျှင် ၁၂၀၀ကျပ်မှ ၁၈၀၀ကျပ်အထိရှိပါသည်။
ကျွဲပွဲမြို့ရှိ ငှက်ပျောသီးဒိုင်များမှ ငှက်ပျောသီးများကို အုတ်တွင်း၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်များရှိ ငှက်ပျောသီးအရောင်းဆိုင်များသို့ပေးပို့ရောင်းချရကြောင်း သိရပါသည်။
DOCA(ပဲခူး)